ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော
ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၏ ၅၂ ကြိမ် မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို
ယခုနှစ်တွင် COVID-19 ကပ်ရောဂါကူးစက်မှု အခြေအနေများ အရ ကျင်းပမည်မဟုတ်ဘဲ
အလှူခံ၍ လှူဖွယ်ပစ္စည်းများကို ကျောင်းအရောက် ပို့ဆောင်လှူဒါန်းသွားမည်ဖြစ်ကြောင်း
ရွှေဘုန်းပွင့်စေတီတော် ဂေါပကအဖွဲ့ထံက သိရသည်။
.
ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီအား ဦးထိပ်ထား၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို
တောင်ကြီးမြို့တွင် နှစ်စဉ် ပြာသို လပြည့် (အမေများနေ့) ၌ ကျင်းပလာခဲ့ခြင်းဖြစ်ပြီး
ယခုနှစ်တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက်
ဗိုလ်ချုပ်လမ်းမတစ်လျှောက် သံဃာတော်များမှ တန်းဆွမ်း ကြွရောက် အလှူခံမည်မဟုတ်ဘဲ တပို့တွဲ
လပြည့်နေ့တွင် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့
သံဃာတော်နှင့် သီလရှင် အနည်းအများအလိုက် ခွဲတမ်း ဆန်နှင့် လှူဖွယ်ပစ္စည်းများ ကို ကျောင်းအရောက်
ပို့ဆောင်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
.
“ခါတိုင်းနှစ်တွေကတော့ ပြာသိုလပြည့်မှာ လုပ်တယ်။
ဒီနှစ်ကတော့ ရက်နည်းနည်းကြပ်နေလို့ တပို့တွဲလပြည့်မှ လုပ်ဖြစ်မှာပါ။ ပွဲလမ်းသဘင်ရယ်လို့
လုပ်တာမဟုတ်ပါဘူး။ သံဃာတော်တွေအတွက် ဆွမ်းဆန် အခက်အခဲကို ကျွန်တော်တို့ တတ်နိုင်သလောက်
ဖြေရှင်းပေးတဲ့သဘောနဲ့ လုပ်တာပါ” ဟု တောင်ကြီးမြို့၊ ရွှေဘုန်းပွင့် စေတီတော် ဂေါပကအဖွဲ့ဝင်
ဦးတင်ထွန်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ဆွမ်းဆန်စိမ်း ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက်
ရှမ်းပြည်နယ်အစိုးရမှ ငွေကျပ် သိန်း ၁၀၀ နှင့် ဆန်အိတ် ၃၀၀ လှူဒါန်းပေးထားပြီး ဌာနဆိုင်ရာများ၊
တောင်ကြီးမြို့ပေါ်ရပ်ကွက်များမှလည်း နှစ်စဉ် လှူဒါန်းမှုများ ရှိနေကြောင်း သိရသည်။
.
ထို့အပြင် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်မှ တောင်ကြီးမြို့၊
ကမ္ဘောဇသာသနာ့ရိပ်သာရှေ့၊ မြို့မဈေးရှေ့နှင့် မူလမင်းကွန်းကျောင်းဝင်းအတွင်း ယနေ့ ဇန်နဝါရီလ
၂၃ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အထိ အလှူခံမဏ္ဍပ်များ ဖွင့်လှစ်ပြီး ဆန်အိတ် တစ်အိတ်လျှင်
ငွေကျပ် ၂၅၀၀၀ နှုန်းဖြင့် အလှူခံဌာန ဖွင့်လှစ်၍ အလှူခံပေးလျက်ရှိကြောင်း သိရသည်။
.
တောင်ကြီးမြို့ပေါ်တွင် ဘုန်းတော်ကြီးကျောင်း
၁၀၀ ကျောင်း၊ သီလရှင်စာသင်တိုက် ၄၇ ကျောင်းရှိပြီး အဆိုပါ ကျောင်းများသို့ ရှမ်းပြည်နယ်
ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှလည်း အလျဉ်းသင့်သလို ဆွမ်းဆန်စိမ်းနှင့်
လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
.
ဓါတ်ပုံ - ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၏
၅၁ ကြိမ်မြောက် ဆွမ်ဆန်စိမ်း လောင်းလှူပွဲ ပြုလုပ်စဉ်
.