တောင်ကြီးမြို့၊ သစ်တောဂိတ် ကားလေးဝင်း အဆင့်မြှင့်တင်ရာတွင် မူလဂိတ်ပိုင်ရှင်များအနေဖြင့် အခမဲ့ ပြန်လည် ရရှိရေးအတွက် တင်ပြထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ သစ်တောဂိတ် ကားလေးဝင်း အဆင့်မြှင့်တင်ရာတွင် မူလဂိတ်ပိုင်ရှင်များအနေဖြင့် အခမဲ့ ပြန်လည် ရရှိရေးအတွက် တင်ပြထား

အောင်ဆန်းဝင်း

.

တောင်ကြီးမြို့၊ သစ်တောဂိတ် ကားလေးဝင်း အဆင့်မြှင့်တင် ပြုပြင်မှုနှင့် ပတ်သက်၍ မူလဂိတ်ပိုင်ရှင်များအား အခ ကြေးငွေဖြင့် ပြန်လည်ဝယ်ယူရန် သတ်မှတ်မှုအပေါ် ဂိတ်ပိုင်ရှင်များက သဘောမတူဘဲ အခမဲ့ပြန်လည်ရရှိရေးအတွက်  တင်ပြတောင်းဆိုထားသည်ဟု သိရသည်။

.

.

“ကားလေးကွင်း အဆင့်မြှင့်တင်ဖို့ဆိုတာ ကိုယ့်ပြည်နယ် တိုးတက်ဖို့ ဆိုတော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ပိုင်ရှင်အများစု ကတော့ အခမဲ့ပဲ ပြန်လိုချင်တယ်။ ကျွန်တော်တို့ ကော်မတီ ၇ ဦးနဲ့ ဂိတ်ပေါင်း ၃၀ ရဲ့ သဘောတူညီမှုအရ အတတ် နိုင်ဆုံး အခမဲ့ဖြစ်အောင် လုပ်ပေးဖို့ တင်ပြထားပါတယ်။ အခုထိတော့ စည်ပင်အနေနဲ့ရော၊ ကုမ္ပဏီ အနေနဲ့ရော လာပြီး ညှိနှိုင်းဆောင်ရွက်တာ မရှိသေးပါဘူး” ဟု သစ်တောဂိတ် ခရီးသည်တင် ကားလေးဝင်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ချယ်ရီမြေဂိတ်မှ စိုင်းကျော်ဝင်းဦးက ပြောသည်။

.

မူလ ဂိတ်ပိုင်ရှင်များအနေဖြင့် ၁၉၉၄-၉၅ ခုနှစ်ကတည်းက အဆိုပါမြေပေါ်တွင် ငွေကျပ် ၅ သိန်း၊ ၈ သိန်း၊ ၁၀ သိန်း စသည်ဖြင့် အတန်းအစားအလိုက် ဝယ်ယူပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

.

ထို့အတူ ယင်းကော်မတီ အတွင်းရေးမှူးဖြစ်သူ ကေသရာဇာဂိတ်မှ ဒေါ်ထားထားဝင်း ကလည်း “ပထမတော့ အခမဲ့ ပြန်ပေးမယ်ဆိုတော့ သဘောတူတယ် ဆိုပြီး အစီအစဉ် ဆွဲထားတယ်။ ဒါပေမဲ့ တကယ်ကျတော့ အခမဲ့ မဟုတ်ဘူး။ တန်ရာတန်ကြေး ပြန်သွင်းရမယ်ဆိုတော့ အခန်းရှင်တွေက သဘောမတူဘူး။ ကန့်ကွက်ထားပါတယ်” ဟု ပြောဆို ခဲ့သည်။

.

သစ်တောဂိတ် ကားလေးဝင်း အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် Shining Myanmar ကုမ္ပဏီမှ ဆောင်ရွက်မည် ဖြစ်ပြီး လက်ရှိတွင် ကုမ္ပဏီ၊ စည်ပင်သာယာရေးကော်မတီနှင့် ဌာနတို့အကြား သဘောတူ လက်မှတ် ရေးထိုးနိုင်ရန် ဆောင်ရွက်နေဆဲဖြစ်သည်ဟု တောင်ကြီး မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးဇော်ဝင်းထူးထံမှ သိရသည်။

.

အဆိုပါ သစ်တောဂိတ် ကားလေးဝင်းအတွင်းရှိ မူလဂိတ်ပိုင်ရှင် ၃၀ ဦးအား တစ်ခန်းလျှင် ၁၇၂၅၀၀၀၀ နှုန်းဖြင့် ၂၄ လ အရစ်ကျ ပေးသွင်းရန် ကုမ္ပဏီဘက်မှ စီစဉ်ပေးထားပြီး တည်ဆောက်ရေးကာလ ၂ နှစ်ခွဲအပြီးတွင် စည်ပင်သာယာရေး ဌာနသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ကာ ယာဉ်အဝင်အထွက်နှင့် ယာဉ်ရပ်နားခ ကောက်ခံရေးတို့ကို ယင်းကုမ္ပဏီမှပင် နှစ် ၃၀ ကြာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ ဂိတ်အဆင့်မြှင့်တင် ပြုပြင်ရာတွင် မူလက အခန်းအရေအတွက် ပိုမိုလျာထားခဲ့သော်လည်း ပြည်သူလူထု သွားလာမှု အဆင်ပြေစေရေးနှင့် ဂိတ်ခန်းများ ကျယ်ဝန်းစေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ လမ်းညွှန်ချက်အရ ဆိုင်ခန်းအရေအတွက် လျှော့ချ၍ တည်ဆောက်သွားမည် ဖြစ်ပြီး စည်ပင်သာယာရေးဌာနမှ ၃ ခန်းသာ ရရှိမည်ဖြစ်ကြောင်း သိရသည်။

.

“စည်ပင်အနေနဲ့တော့ အကျိုးအမြတ် နည်းပါတယ်။ ဂိတ်ခန်းအနေအထားအရလည်း ရတာ နည်းသွားမယ်။ နောက်ပြီး ယာဉ်ရပ်နားခ ကောက်တာဆိုရင် နှစ်စဉ် လေလံနဲ့ ရောင်းချမယ်ဆိုရင် နှစ်စဉ် အခွန်ဝင်ငွေက ပိုပြီး တိုးလာမယ်။ အခုတော့ နှစ် ၃၀ ကို သိန်း ၆၀ နဲ့ပဲ ပေးလိုက်တော့ နိုင်ငံတော်အနေနဲ့ ခံစားခွင့် လျော့သွားတာပေါ့” ဟု တောင်ကြီး မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးဇော်ဝင်းထူးက ပြောသည်။

.

အဆိုပါ ကားလေးဝင်းအား အဆင့်မြှင့်တင်မှု လုပ်ငန်းများ ပြီးစီးပါက မူလဂိတ်ဖွင့်လှစ်သူများနှင့် ဂိတ်သစ် ထပ်မံဖွင့်လှစ်လိုသူများအတွက် ဂိတ်ခန်းနေရာ ပြန်လည်ချထားပေး သွားမည်ဖြစ်ပြီး ယာဉ်ရပ်နား စခန်းတစ် ခု၏ အင်္ဂါရပ်နှင့် အညီပြည့်စုံအောင် ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats