စုလှိုင်
.
တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ ညောင်ဖြူစခန်းရပ်ကွက်နှင့်
ရတနာသီရိရပ်ကွက် ဆုံရာ ရေမြောင်းအတွင်း အမှိုက်များ ပိတ်ဆို့နေသည့်အတွက် ဒေသခံများအနေဖြင့်
အနံ့အသက်ဆိုးများကို ခံစားနေရပြီး အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု သိရသည်။
.
.“မကြာမကြာ လာရှင်းပေးစေချင်တယ်။ ဆိုင်ကယ်တွေ၊ ကားတွေနဲ့
လာပြီးပစ်ကြတယ်။ ဒါကြောင့် သံဇကာ ကာထား ရတယ်။ ကျွန်မတို့က စားသောက်ဆိုင် ဖွင့်ထားတာဆိုတော့
အမြဲ သတိထားရတယ်။ ဒီနှစ်ဆိုရင် မိုးမရွာတော့ အမှိုက် က ပိုများတယ်” ဟု အဆိုပါ ရေမြောင်းအနီးတွင်
စားသောက်ဆိုင် ဖွင့်လှစ်ထားသည့် ဒေါ်ယုံက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း ရေမြောင်းအတွင်းသို့ အသုံးမပြုတော့သည့် ခြင်းတောင်းများ၊
ဝါးလုံးရှည်များ၊ ပလတ်စတစ် ဖော့ဘူးများ၊ ပလတ်စတစ်အိတ်ခွံများကို လာရောက်စွန့်ပစ်ထားကြခြင်းကြောင့်
အနံ့အသက်ဆိုးများ ထွက်ပေါ်နေခြင်းဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ ထိခိုက်လာမည်ကိုလည်း စိုးရိမ်နေရကြောင်း
ဒေသခံများထံက သိရသည်။
.
“လာပစ်လို့ စာ ကပ်ထားလည်း ပစ်တာပဲ။ ပြောရင် ပိုလုပ်ကြတယ်။
အရင်တုန်းကတော့ ရေလာတဲ့အချိန် ဝါးလုံးတွေနဲ့ ထိုးချပေးတယ်။ မိုးတွင်းဆိုရင် မြောင်းတွေပိတ်ပြီး
ရေလျှံတယ်။ ရေမြောင်းက အရမ်းနံလို့ ပြတင်းပေါက် တွေ ပိတ်ထားရတယ်။ ယင်ကောင်တွေလည်း အရမ်းလာတယ်”
ဟု ဈေးဆိုင်ခန်းဖွင့်လှစ်ထားသူ တစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့ပေါ် ရပ်ကွက်များအတွင်း အမှိုက်သိမ်းဆည်းရေးလုပ်ငန်းကို
မွှေးတောင်ကြီး အမှိုက်နှင့် မိလ္လာ သိမ်းဆည်းရေးကုမ္ပဏီမှ စည်ပင်သာယာရေးဌာနနှင့် အကျိုးတူ
ပူးပေါင်းဆောင်ရွက်နေသော်လည်း အမှိုက်သိမ်းကား ပုံမှန်မလာခြင်း၊ အမှိုက်စွန့်ပစ်ရန်
နေရာ အမှိုက်ကန်များ ထားရှိပေးမှု မရှိခြင်းတို့ကြောင့် ဒေသခံများအနေဖြင့် အမှိုက်
ပစ်ရန် အခက်အခဲဖြစ်ပေါ်နေပြီး ယင်းကဲ့သို့ ရေမြောင်းများအတွင်း စည်းကမ်းမဲ့ စွန့်ပစ်မှုများ
ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ မွှေးတောင်ကြီး အမှိုက်နှင့်
မိလ္လာသိမ်းဆည်းရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ကုမ္ပဏီ အနေဖြင့် ရပ်ကွက်အလိုက် တစ်ပတ်
၂ ကြိမ်နှုန်းဖြင့် အမှိုက်သိမ်းဆည်းရေး ဆောင်ရွက်ပေးလျက်ရှိပြီး ယင်းကဲ့သို့ စည်းကမ်းမဲ့
ရေမြောင်းအတွင်း အမှိုက်စွန့်ပစ်မှုများ ရှိပါက ထိထိရောက်ရောက် တိုင်ကြားစေလိုကြောင်း
ပြောဆိုခဲ့သည်။
.
ထို့အတူ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ
အမှုဆောင်အရာရှိ ဦးနေလင်း ထံသို့ ဆက်သွယ်မေးမြန်းခဲ့ သော်လည်း ဆက်သွယ်၍ မရခဲ့ချေ။
.
#KBZTai #Shan #News #SuHlaing
.