တောင်ကြီးမြို့ပေါ် ရပ်ကွက်အချို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲသူ များပြားလာနေသဖြင့် ဒေသခံများ စိုးရိမ်နေရ ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ပေါ် ရပ်ကွက်အချို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲသူ များပြားလာနေသဖြင့် ဒေသခံများ စိုးရိမ်နေရ ဟုဆို

စုလှိုင်

.

တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူများနှင့် သုံးစွဲသူများ တစ်နေ့တစ်ခြား ပိုမို များပြားလာနေသည့်အတွက် စိုးရိမ်နေရကြောင်း ဒေသခံများထံက သိရသည်။

.

.

“မူးယစ်ဆေးဝါးက တစ်နေရာထဲ မဟုတ်ဘူး။ အများကြီးဖြစ်နေတယ်။ ကားထားရင် ကားထဲက ဘက်ထရီအိုး ပျောက်တယ်။ လမ်းဘေးမှာ ရေပီပါ ချထားရင်လည်း ပျောက်တယ်။ အခုချိန်မှာ မူးယစ်ဆေးဝါးက ဖုန်းဆက်လိုက်ရင် ရတယ်။ ဆေးလိပ်၊ ကွမ်းယာထက်တောင် ပေါနေတယ်။ အပြင်ထွက်ဝယ်စရာ မလိုတော့ဘူး။ လူထုအနေနဲ့က စိုးရိမ်နေရတာပေါ့” ဟု တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်နေ ဦးစန်းဝင်းထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ယင်းကဲ့သို့ မူးယစ်ဆေးဝါး သုံးစွဲ/ရောင်းဝယ်မှုများကို ဒေသခံများမှ ရဲတပ်ဖွဲ့သို့ သတင်းပေးသဖြင့် ဖမ်းဆီးရမိမှုများ ရှိနေသော်လည်း မူးယစ်ဆေးဝါး လုံးဝ ပပျောက်ရန်မှာ လူမှုအဖွဲ့အစည်းများ၊ အစိုးရနှင့် သက်ဆိုင်ရာဌာနများမှ လူထု အကြား မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပညာပေးလုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ဆောင်ပေးရန် လိုအပ် နေပြီး မူးယစ်ဆေးစွဲသူများမှလည်း မိမိကိုယ်တိုင် အသိစိတ်ဓါတ်ဖြင့် ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောဆိုခဲ့သည်။

.

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရုံးစိုက်ရာ စိန်ပန်းရပ်ကွက် အပါအဝင် တောင်ကြီးမြို့၊ အနောက်ဘက်ခြမ်းရှိ ရပ်ကွက် အချို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူများမှ လက်နက်များ ကိုင်ဆောင်ကာ အုပ်စုဖွဲ့ မူးယစ်ဆေးဝါး သုံးစွဲ မှုများ ရှိနေသဖြင့် ရန်ပြုမည်ကို ဒေသခံများက စိုးရိမ်နေရခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်စိုး ကမူ “အဲဒီလို မရှိပါဘူး။ ဥပဒေစိုးမှုအပိုင်း၊ အုပ်ချုပ်‌ရေးအပိုင်း သေချာ ဆောင်ရွက်နေပါတယ်။ ဆူပူသောင်းကျန်းမှုမျိုး နည်းနည်းပါးပါး မူးယစ်ရမ်းကားရင် ရုံးခေါ်ပြီး ခံဝန်တွေထိုး၊ လက်နက်ကိုင်ဆောင်ရင် ရဲစခန်းနဲ့ ချိတ်ဆက်ပြီး ချက်ချင်း အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု ပြောဆိုခဲ့သည်။

.

ထို့အတူ တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေမျိုး ကလည်း “အဲဒီကိစ္စတွေကို အခု လိုက်ရှင်းနေပါတယ်။ အနောက် ဘက်ခြမ်း ရပ်ကွက်တွေက တောင်စောင်းတွေ၊ တောတောင်တွေထဲအထိ အကုန်လုံး အဖွဲ့တွေနဲ့ ခွဲပြီး ရှင်းနေပါတယ်။ ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာပါ” ဟု ပြောသည်။

.

မြို့တော်တောင်ကြီးသည် ရှမ်းပြည်နယ်အစိုးရ ရုံးစိုက်ရာ မြို့ဖြစ်ပြီး မြို့ပေါ်ရှိ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ၊ ဘုရားစေတီ စသည့်နေရာများတွင် အုပ်စုဖွဲ့ မူးယစ်သောက်စားခြင်း မပြုရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒေသန္တရအမိန့် ထုတ်ပြန်တားမြစ်ထားသော်လည်း ယင်း တားမြစ်အမိန့် ထုတ်ပြန်ထားသည့် နေရာများအနီး၌ မူးယစ်သောက်စား ခြင်းအပြင် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲမှုများ ရှိနေကြောင်း သိရသည်။

.

Journal Download

Photo of three cats