တိုင်းရင်းသားညီနောင်ပါတီများ၏ အသံများကို နားထောင်၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ ပြန်လည်တင်ပြသွားမည် ဟု ဒေါက်တာအောင်မိုးညို ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တိုင်းရင်းသားညီနောင်ပါတီများ၏ အသံများကို နားထောင်၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ ပြန်လည်တင်ပြသွားမည် ဟု ဒေါက်တာအောင်မိုးညို ပြော

အောင်ဆန်းဝင်း

.

တိုင်းရင်းသားညီနောင်ပါတီများနှင့် တွေ့ဆုံပြီး ဒေသခံပါတီများ၏ အသံကို နားထောင်၍ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ သို့ ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောဆိုခဲ့သည်။

.

.

ဒေါက်တာ အောင်မိုးညို ဦးဆောင်သည့် NLD တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) ကိုယ်စားလှယ်တို့ ယနေ့ ဇန်နဝါရီလ ၁၃ ရက်၊ ညနေပိုင်းက တောင်ကြီးမြို့ရှိ NLD ပါတီ ရှမ်းပြည်နယ်ရုံးတွင် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲ အပြီးတွင် ဒေါက်တာ အောင်မိုးညိုက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

.

“ဒီနေ့တွေ့တဲ့အထဲမှာ သူတို့တင်ပြတာတွေက ပြည်ထောင်စုအဆင့်က လုပ်ပေးနိုင်မယ့် ကိစ္စတွေလည်း ပါတယ်။ ပြည်နယ်အစိုးရမှာသာမက ပြည်ထောင်စုအစိုးရ အဆင့်မှာပါ နေရာပေးစေချင်တယ်။ ပြည်နယ်မှာလည်း ပြည်နယ် လွှတ်တော်မှာပဲဖြစ်ဖြစ်၊ ပြည်နယ်အစိုးရ ဖွဲ့စည်းတဲ့အခါမှာပဲ ဖြစ်ဖြစ် ဒေသခံ ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ ကိုယ်စားလှယ်တွေကိုလည်း နေရာပေးသင့် ပါတယ်လို့ ပြောတာ ရှိပါတယ်။ မဖြစ်မနေပေးပါ ဆိုပြီး တောင်းဆိုတာ မရှိဘူး။ ကျွန်တော်တို့ကလည်း ဆွေးနွေးမှုကို ကန့်သတ်ထားတာ မရှိဘူး။ တိုင်းရင်းသားညီနောင်တွေ ဘာပြောချင်လဲ၊ ဘာတွေဆန္ဒရှိလဲ၊ ဘာတွေခံစားရလဲ ဆိုတာ နားထောင်ပြီး ဗဟိုအလုပ်အမှုဆောင်ကို ပြန်လည်တင်ပြဖို့ပါ။ အားလုံး အဆင်ပြေမယ့်သဘော ရှိပါတယ်” ဟု ဒေါက်တာ အောင်မိုးညိုက ပြောသည်။

.

ထို့အတူ ဆွေးနွေးပွဲ တက်ရောက်လာသည့် တအာင်း (ပလောင်) အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး မိုင်းအုဏ်းခိုင်ကလည်း  ဒီနေ့ ရလဒ်ကတော့ ဘယ်လိုလာမလဲဆိုတာ ကျွန်တော်တို့ တင်ပြချင်တာ တင်ပြခဲ့ပြီးပြီ။ အဖြေက ဘယ်လိုလာမလဲ ဆိုတာကတော့ ဆွေးနွေးချက်ပဲ ရှိမှာပေါ့။ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ဖို့ကိစ္စမှာ တိုင်းရင်းသား တွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ရမလဲဆိုတာ တင်ပြဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးမှုကတော့ အားရ ကျေနပ်မှု ရှိပါတယ်” ဟု မီဒီယာများသို့ ပြောဆိုခဲ့သည်။

.

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေခြင်း ဖြစ်ပြီး ဇန်နဝါရီလ ၁၄ ရက်တွင်လည်း ရှမ်းပြည်နယ်အတွင်းရှိ ကျန် ဒေသခံနိုင်ငံရေးပါတီများနှင့် ထပ်မံတွေ့ဆုံသွားရန် ရှိနေ ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်အတွင်း၌ TNP ပါတီသည် ကိုယ်စားလှယ်​နေရာ ၁၂ ​နေရာ၊ PNO ပါတီသည် လွှတ်​​တော်ကိုယ်စားလှယ်​နေရာ ၁၁ ​နေရာ ရရှိထားကြ​ပြီး ​ဒေသခံတိုင်းရင်းသား ပါတီများအနက် SNLD ပါတီပြီးပါက ကိုယ်စားလှယ်​နေရာ ဒုတိယ နှင့် တတိယအများဆုံး ​ရထားသည့် ပါတီ​များ ဖြစ်သည်။

.

Journal Download

Photo of three cats