အောင်ဆန်းဝင်း
.
တောင်ကြီးမြို့၊ ရေထွက်ဦးလမ်း အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများ
ဆောင်ရွက်ရာတွင် လမ်းဘေးရှိ သစ်ပင် ကြီးငယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း ပြုလုပ်သွားမည်မဟုတ်ကြောင်း
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က
ဇန်နဝါရီလ ၉ ရက်၊ ညပိုင်းတွင် ၎င်း၏ လူမှုကွန်ရက် (Facebook) မှ တစ်ဆင့် ပြောဆိုခဲ့သည်။
.
.တောင်ကြီးမြို့၊ ရေထွက်ဦးလမ်းအား အဆင့်မြှင့်တင်နိုင်ရေးအတွက်
ကနဦး တိုင်းတာခြင်းလုပ်ငန်းများ၊ ဒီဇိုင်း ရေးဆွဲခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး
လမ်းဘေးဝဲ/ယာရှိ သစ်ပင်ကြီးငယ်များ မဖယ်ရှားဘဲ လမ်းအကျယ် အား ၁၈ ပေ၊ ၂၄ ပေ၊ ၃၆ ပေ စသည်ဖြင့်
နေရာအပိုင်းအခြားပေါ် မူတည်ပြီး လမ်းဒီဇိုင်း ရေးဆွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးက
၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားခြင်းဖြစ်သည်။
.
အဆိုပါ ရေထွက်ဦးလမ်းအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရာတွင်
လမ်းဘေးရှိသစ်ပင်များအား ခုတ်ထွင်ရှင်းလင်းမည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်
ဒေသခံများအကြား ကန့်ကွက်ဝေဖန်မှုများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
.
“တောင်ကြီးမြို့ပေါ်မှာက သစ်ပင်တွေတော်တော်ရှားလာပြီ။
အပင်တွေကိုမခုတ်ဘဲ စနစ်တကျထိန်းသိမ်းဖို့ လိုအပ် ပါတယ်။ ဒီသစ်ပင်သစ်တောတွေ
ရှင်သန်နေမှ တောင်ကြီးမြို့ရဲ့ ရေအရင်းအမြစ်ကို ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်” ဟု
တောင်ကြီးဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။
.
တောင်ကြီးမြို့သည်
တောင်ပေါ်ဒေသမြို့ဖြစ်သည့်အတွက် သစ်ပင်သစ်တောများ ပြုန်းတီး ပျက်ဆီးပါက မြေအောက် ရေအရင်းအမြစ်များကို
ထိခိုက်စေနိုင်သည့်အတွက် သစ်တောသစ်ပင်များကို အားလုံးဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်
နေကြောင်း ဒေသခံများက ပြောဆိုလျက်ရှိသည်။
.