မင်းဇော်မင်း
.
တာချီလိတ်မြို့တွင် ဇန်နဝါရီလ ၈ ရက်၊ နေ့လယ်ပိုင်းက
ထိုင်းနိုင်ငံသားတစ်ဦးမှ ယာဉ်တိုက်မှု ကျူးလွန်ကာ မြန်မာ-ထိုင်း နယ်စပ်ချစ်ကြည်ရေးဂိတ်တံခါး
အကာအရံများကို ဖြတ်ကျော်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ထိုင်းနိုင်ငံသား Wanchal Duangmusik ဆိုသူသည် ဇန်နဝါရီလ ၈ ရက်၊ နေ့လယ် ၂ နာရီခွဲခန့်က တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းရှေ့
မိန်းလမ်းပေါ်တွင် မော်တော်ယာဉ်အား အရှိန်ပြင်းစွာ မောင်းနှင်ပြီး မြန်မာနိုင်ငံသား
မောင် မင်းမင်းထွန်း မောင်းနှင်လာသည့် ဆိုင်ကယ်အား ဖြတ်တိုက်ပြီးနောက် ကားကို မြန်မာဘက်ခြမ်းတွင်
သော့ပိတ်၍ ထားခဲ့ကာ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၁) ရှိ COVID-19 ရောဂါကြောင့် ပိတ်ဆို့ထားသည့် တံခါးအကာအရံများကို ကျော်တက်၍ ထိုင်းနိုင်ငံဘက်သို့
ထွက်ပြေး သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“အတိုက်ခံရတဲ့ကလေးက ရွှေတိဂုံဘုရားနား နေတာပါ။ ခြေထောက်လောက်ပဲ
ပွန်းပဲ့သွားလို့ တော်သေးတယ်” ဟု ကားတိုက်ခံရသူ လူငယ်အား လိုက်ပါပို့ဆောင်ပေးခဲ့သည့်
တာချီလိတ်နာရေးကူညီမှုအသင်းမှ ဦးလှမိုးက ပြောသည်။
.
ယာဉ်တိုက်မှုကျူးလွန်ပြီး နယ်စပ်ဖြတ်ကျော်ထွက်ပြေးသည့်
ယင်းထိုင်းနိုင်ငံသားကို ထိုင်းရဲမှ ဖမ်းဆီးပြီး မြန်မာနိုင်ငံ ဘက်သို့ လွှဲပြောင်းပေးအပ်နိုင်ရေးအတွက်
မြန်မာ-ထိုင်းနယ်ခြားကော်မတီ (TBC) မှ တစ်ဆင့် တောင်းခံနေကြောင်း
သိရသည်။
.
လက်ရှိတွင် ယင်းထိုင်းနိုင်ငံသားကို ထိုင်းဘက်၌ စစ်ဆေးနေဆဲဖြစ်ပြီး
တာချီလိတ်ဘက်မှ အမှုဖွင့်၍ တောင်းခံလာ ပါက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်
၁၄ ရက် စောင့်ကြည့်ပြီး မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်း ပေးအပ်ရန် ရှိနေကြောင်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏
မြန်မာ-ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း (မယ်ဆိုင်) ထံက သိရသည်။
.
ဓါတ်ပုံ - ဦးလှမိုး၊ ဦးထွန်း (မယ်ဆိုင်)
.