မင်းဇော်မင်း
.
တာချီလိတ်မြို့နယ်တွင် ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက်၊
နံနက်ပိုင်းက ကဖင်းမူးယစ်ဆေး အလေးချိန် ကီလို ၆၀၀၀ ကျော်အား သယ်ဆောင်လာသူ ၂ ဦးနှင့်အတူ
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၇ ရက်၊ နံနက် ၄ နာရီ ခန့်က တာချီလိတ်မြို့နယ်၊
ဖန်မင်-ဝေလှလန်ကျေးရွာသွားလမ်း၊ လွမ်းစေတီဘုန်းတော်ကြီးကျောင်း အနီးတွင် သတင်း အရ စောင့်ဆိုင်းနေစဉ်
တာလေမြို့၊ နားယောင်းအုပ်စု၊ နားယောင်းကျေးရွာနေ မာထယ် (ခ) အလီး မောင်းနှင်ပြီး ကျိုင်းလပ်မြို့၊
နမ့်ခင်အုပ်စု၊ ကျကကျေးရွာနေ ကျကျိုရှီး လိုက်ပါစီးနင်းလာသည့် မော်တော်ယာဉ်အား စစ်ဆေး
ရှာဖွေရာ နောက်မှ ကပ်လိုက်လာသည့် မော်တော်ယာဉ် ၃ စီးမှ နောက်ပြန်လှည့် မောင်းပြေးသဖြင့်
လိုက်လံ ပစ်ခတ် ပိတ်ဆို့ဖမ်းဆီးရာ ယာဉ်ပေါ်ပါလာသူများမှ ယာဉ်များအားထား၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း
သိရသည်။
.
ဆက်လက်၍ ယာဉ်များအားရှာဖွေစစ်ဆေးရာ မာထယ် (ခ) အလီးမောင်းနှင်လာသည့်ယာဉ်နှင့်
ထွက်ပြေးသွားသူများ ရပ်တန့်ထားခဲ့သည့် ယာဉ် ၃ စီးပေါ်မှ ကဖင်း စုစုပေါင်း အလေးချိန်
၆၀၂၅ ကီလိုခန့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍
မာထယ်(ခ)အလီးနှင့် ကျကျိုရှီးတို့ ၂ ဦးနှင့် ထွက်ပြေး တိမ်းရှောင်နေသူများအား မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ပြီး ထွက်ပြေးနေသူများအား
ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.