တာချီလိတ်တွင် ဖုန်း၊ ဆိုင်ကယ်နှင့် ငွေလုယူထွက်ပြေးသူများကို ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် ဖုန်း၊ ဆိုင်ကယ်နှင့် ငွေလုယူထွက်ပြေးသူများကို ဖမ်းမိ

မင်းဇော်မင်း

.

တာချီလိတ်မြို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်၊ ညပိုင်းက လူငယ် ၂ ဦးအား ဓါးထောက်၍ လက်ကိုင်ဖုန်း၊ ဆိုင်ကယ်နှင့် ငွေသား လုယူထွက်ပြေးသူများကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ စံလင်းဖြိုးအိမ်ရာ ဝိုင်းကွက်လပ်ရှေ့လမ်းတွင် ဇန်နဝါရီလ ၂၀ ရက်၊ ညပိုင်းက မကာအိုခမ်းရပ်ကွက်နေ အမျိုးသားနှင့် ဆန်ဆိုင်း (ခ) ရပ်ကွက်နေ အမျိုးသမီးတို့သည် လူငယ်သဘာဝ သမီးရည်စား ချိန်းတွေ့နေစဉ် အမည်မသိ လူ ၂ ဦး ရောက်ရှိလာပြီး အမျိုးသားအား ဓါးဖြင့်ထောက်ခြိမ်းခြောက်ကာ မျက်နှာကို လက်သီးဖြင့်ထိုး၍ ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်း ၃ လုံးနှင့် ထိုင်းဘတ်ငွေ ၂၀၀၀၊ ဘဏ်ကတ်တစ်ခုတို့ကို လုယူ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ လုယက်ခံရမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်ခဲ့ရာ အခင်းဖြစ်ပြီး ၂ နာရီခန့်အကြာတွင် ဆိုင်ကယ်အပေါင်ခံလေ့ရှိသူ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက် နေ မင်းဇော်ဦး (ခ) ဝတုတ် (ခ) သားဇော်၏ နေအိမ်မှ လုယက်ခံရသည့် ဆိုင်ကယ်အား တွေ့ရှိခဲ့ပြီး စစ်ဆေးမေးမြန်း ရာ အဆိုပါဆိုင်ကယ်အား ရန်အောင်မြင်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေသည့် သီဟ ဆိုသူမှ ထိုင်းဘတ် ငွေ ၁၅၀၀၀ ဖြင့် လာရောက်ပေါင်နှံထားခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သီဟ အား ၎င်းတည်းခိုနေသည့် နေရာမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

ဆက်လက်ပြီး ဖမ်းဆီးရမိသူ သီဟ၏ ထွက်ဆိုချက်အရ ၎င်းနှင့် ခင်မင်ရင်းနှီးသည့် ရဲနောင် ဆိုသူနှင့် အမည်မသိ လူငယ်တစ်ဦး တည်းခိုခန်းသို့ ရောက်လာပြီး လုယူလာသည့် ဆိုင်ကယ်အား ပေါင်နှံရန် စေခိုင်းခြင်းဖြစ်ကြောင်း သိရ သဖြင့် ရဲနောင်နှင့် အမည်မသိ အမျိုးသားတို့အား လိုက်လံစုံစမ်းရှာဖွေရာ ယင်းနေ့ ည ၁၁ နာရီခွဲအချိန်တွင် ရဲနောင် အား ဝမ်မိုင်ရွာ၊ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ ၎င်းသူငယ်ချင်းတစ်ဦး၏ နေအိမ်၌လည်းကောင်း၊ ၎င်းနှင့်အတူ လုယက်မှု ကျူးလွန်သူ ဝါခေါင် (ခ) ဉာဏ်လင်းထွန်းအား ဇန်နဝါရီလ ၂၁ ရက်၊ နံနက်အစောပိုင်း၊ ၁ နာရီခန့်က ဂေါက်ကွင်း အနီး၌ လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများအား လိုက်လံသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ အမှုနှင့် ပတ်သက်၍ လုယက်မှုကျူးလွန်သူ ရဲနောင်၊ ဝါခေါင် (ခ) ဉာဏ်လင်းထွန်း၊ ဆိုင်ကယ်‌ပေါင်နှံပေးသူ သီဟနှင့် အပေါင်ခံသူ ဇော်ဦး (ခ) ဝတုတ် (ခ) သားဇော်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၇/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၃၂၃/၁၁၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

#KBZTai #Shan #News #MinZawMin

.

Journal Download

Photo of three cats