.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဝမ်ဘိုးကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာမှ တောင်သူအချို့သည် ယခင်နှစ်များက သမာရိုးကျ စိုက်နည်းဖြင့် သခွားကို စိုက်ပျိုးလာကြရာမှ ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာများဖြင့် ပေါင်းစပ်၍ Farmer To Farmer အစီအစဉ်ဖြင့် စိုက်ပျိုးခဲ့သည့် သခွားများ စတင် ခူးဆွတ်နေရပြီ ဖြစ်ကြောင်း သိရသည်။
.
“ အရင်နှစ်တွေက သခွားကို သမာရိုးကျပဲ စိုက်ပျိုးကြတာ များတယ်။ အခုနှစ်ကတော့ စိုက်ပျိုးရေးဌာနနဲ့ ချိန်ဆက်ပြီးတော့ Farmer To Farmer အစီအစဉ်နဲ့ စိုက်ပျိုးတာ။ အရွက်နုတုန်းကတော့ ပိုးကျတယ်၊ အခုတော့ စိုက်ပျိုးရေးဌာနရဲ့ နည်းပညာ အကူအညီနဲ့ သွင်းအားစု သုံးစွဲနည်းတွေကြောင့် အဆင်ပြေသွားပြီ။ သက်တမ်းအနေနဲ့ ၂ လကျော် ရှိပြီဆိုတော့ စတင်ခူးဆွတ် ရောင်းချနေရပါပြီ။” ဟု ဝမ်ပုံကျေးရွာမှ တစ်ပိုင်တစ်နိုင် သခွားစိုက်တောင်သူ ဦးမိုးဇော်ခမ်းက ပြောသည်။
.
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ ဖြစ်သည့်အတွက် နေအိမ် ရှေ့တွင်သာ ရောင်းချမှု ပြုလုပ်နေရပြီး သခွားသီး တစ်ကီလိုလျင် ၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချရသဖြင့် မိသားစု စားဝတ်နေရေးအတွက် အပိုဝင်ငွေ ရရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
.
မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ဝန်ထမ်းများသည် တောင်သူများ၏ ဟင်းသီးဟင်းရွက် စိုက်ခင်းများအထိ သွားရောက်ကာ တောင်သူများနှင့် အနီးကပ် ကွင်းဆင်း ပေါင်းစပ်မှုဖြင့် စိုက်နည်းစနစ်များ၊ အစားအစာ ဘေးကင်းလုံခြုံမှုဆိုင်ရာများနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့ထံမှ သိရသည်။
.
မိုင်းယောင်းမြို့နယ်၊ ဝမ်ဘိုးကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာမှ တောင်သူအချို့သည် လယ်ယာလုပ်ငန်းခွင်များ ရိတ်သိမ်းပြီးချိန်၌ Famer to Famer အစီအစဉ်ဖြင့် သခွားအပြင် ခရမ်းချဉ်၊ ကြက်သွန်နှင့် အခြားသော ဟင်းသီးဟင်းရွက်များကိုလည်း တစ်ပိုင်တစ်နိုင် ထွန်ယက် စိုက်ပျိုးထားကြောင်း သိရသည်။