ကိုစိုး (ကမ္ဘောဇတိုင်း)
.
ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူး လုံးဆိုင်ဟန် အား SSPP/SSA တပ်ဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင် သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ အမှုကို ကျေအေးပြီးဖြစ်သည်ဟု
သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းမွမ်းမွမ်းပေါင်း
ထံက သိရသည်။
.
.“သူတို့ ကျေအေးသွားပါပြီ။ ကျွန်မ မဲဆန္ဒနယ်ဖြစ်နေတော့
ပြည်သူတွေ စိတ်မချမ်းမသာဖြစ်နေတာကြောင့် အလောင်း ကောက်ပြီး သင်္ဂြိုဟ်တဲ့နေ့တော့ လိုက်သွားတယ်။
အရိုးကောက်ပြီးတော့ ကုန်းသာကို ပြန်ယူလာခဲ့တယ်။ ဘာဖြစ်လို့ ဖမ်းဆီးခဲ့တယ် ဆိုတာတော့
သေချာမသိသေးပါဘူး။ သတင်းတွေတော့ ထွက်နေတာပေါ့။ ဒီအမှုနဲ့ ပတ်သက်လို့ ဘာမှ တော့ ပြောစရာ
မရှိတော့ပါဘူး။ ပြည်သူတွေကိုလည်း ထိခိုက်မှာ မလိုလားဘူး။ ပြည်သူတွေကိုလည်း အားပေးချင်
တယ်” ဟု နန်းမွမ်းမွမ်းပေါင်းက ပြောသည်။
.
သီပေါမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး
လုံးဆိုင်ဟန်ကို ဇန်နဝါရီလ ၇ ရက်က စစ်ဆေးရန်အတွက် ဟုဆိုကာ SSPP/SSA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၃ ရက်တွင် ရုပ်အလောင်းကို
ပြန်လည် ရှာဖွေတွေ့ရှိကာ မီးသင်္ဂြိုဟ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
လုံးဆိုင်ဟန် ဖမ်းဆီးခံရပြီးနောက် ၁၀ ရက်ကြာ နေအိမ်သို့
ပြန်လာခြင်းမရှိသဖြင့် သီပေါ သံဃာအဖွဲ့အစည်းများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ဒေသခံများမှ
လိုက်လံရှာဖွေခဲ့ရာ ဇန်နဝါရီလ ၂၃ ရက်တွင် သီပေါမြို့နယ်၊ နားခေါး ကျေးရွာအနီး တောင်ယာအတွင်း
အလောင်းအား ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်
(SSPP/SSA) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က
“ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်တာ မဟုတ်ပါဘူး။ မတော်တဆ ဖြစ်သွားတာပါ။
သူတို့ မိသားစုနဲ့ အသိုင်းအဝိုင်း ကိုလည်း ဝန်ချတောင်းပန်ပြီးပါပြီ။ ကျွန်တော်တို့က
တာဝန်ယူမှု၊ တာဝန်ခံမှု ရှိပါတယ်။ သူတို့မိသားစုတွေ အလှူ အတန်းလုပ်နိုင်ဖို့လည်း လုပ်ပေးခဲ့ပြီးဖြစ်ပါတယ်”
ဟု ပြောသည်။
.
နမ့်ပေါင်-သီပေါကာလမ်းပေါ်တွင် SSPP/SSA တပ်ဖွဲ့ အမည်အား အလွဲသုံးစားပြု၍ အခွန်ကောက်ခံသူများ ရှိနေ ကြောင်း သတင်းအရ
သွားရောက်စိစစ် ဖမ်းဆီးရာတွင် ကုန်းသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လုံးဆိုင်ဟန်မှ
၎င်း၏ တူများ ဖြစ်ကြောင်း ပြောဆိုကာ ပြန်လွှတ်ပေးရန် အာမခံပေးသည့်အတွက် လုံးဆိုင်ဟန်အား
ဝမ်ဟိုင်းဌာနချုပ်သို့ ခေတ္တ ခေါ်ဆောင်လာစဉ် လမ်းခုလတ်တွင် ထွက်ပြေးသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ
ခြိမ်းခြောက်ပစ်ခတ်ရာ သေနတ်ထိမှန် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)
သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီး မြို့နယ်တွင် ဌာနချုပ်
အခြေစိုက်ဖွင့်လှစ်ထားပြီး ယခင် အစိုးရလက်ထက်က ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ် လက်မှတ်
ရေးထိုးထားသော်လည်း တစ်နိုင်ငံလုံး
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး
ထားခြင်း မရှိသေးသည့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း
သိရသည်။
.
No comments:
Post a Comment