ရှမ်းရွှေပြည် အရှေ့ပိုင်းက စွန်ရဲသိုက်တောင်တော် လွိုင်စက်တော် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းရွှေပြည် အရှေ့ပိုင်းက စွန်ရဲသိုက်တောင်တော် လွိုင်စက်တော်

မင်းဇော်မင်း

.

တက်ခဲ့လို့ခေါ် မောဝ်မြေမြင့်တောင်တန်း၊

ဘယ်ကွေ့ညာခွေနဲ့ တက်တိုင်းလေ လိမ်ခွေခေါက်

တောတောင်ပေါက်လမ်း။

(ကမ္ဘောဇသို့ ဒွေးချိုးကဗျာ(၁၉၃၅) - ဆရာဇော်ဂျီ)

.

ရှမ်းပြည်နယ်တွင် တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းဟု ခွဲခြားထားပြီး ရှမ်းပြည်နယ်ကို ဖြတ်သန်း စီးဆင်းနေတဲ့ မြစ်သံလွင် အရှေ့ခြမ်းတွင် ၁၀ မြို့နယ် ရှိရာ ယင်းအနက် မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် အတွင်းရှိ မြို့တည် သမိုင်းနဲ့အတူ ယှဉ်တွဲဆက်နွယ်နေတဲ့ ဘုရားရှင်ခြေတော်ရာ ရှိတော်မူသော စွန်ရဲသိုက်တောင်တော် လွိုင် စက်တော် (ရှမ်းဘာသာဖြင့် စက်တော်ဟန်းဟုန့်)သို့ တစ်ခါတစ်ခေါက် လာရောက် ဖူးမျှော်ကြရန် နတ်လမ်းညွှန် ဖိတ်ခေါ်အပ်ကြောင်းပါ။

.


ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့မှ မိုင်ပေါင်း ၂၂၀ ကျော် ကွာဝေးပြီး နမ့်ခုံးခေါ် သံလွင်မြစ်ရဲ့ အရှေ့ခြမ်းတွင် တည်ရှိကာ ညို့မှိုင်းရစ်ခွေနေတဲ့ မောဝ်မြေမြင့်တောင်တန်းများရဲ့ ရင်ခွင်အကြားမှာ နှင်းမြူရစ်သိုင်း ကမ္ဘောဇတိုင်းရဲ့ မြို့ရွှေမိုင်းတုံ တည်ရှိပါတယ်။

.

ကျိုင်းတောင်းဇာတိ စော်ဘွားကြီး ပေါ့မိုင်းထောက်သည် မြို့ရွာအသစ် တည်ထောင်ရန်အတွက် ကောဇာ သက္ကရာဇ် ၁၀၉၇ မှ ၉၈ အထိ ဒေသန္တရ စနည်းနာနေစဉ် အခါတပါး၌ မုဆိုးတစ်ယောက်ဟာ သံလွင်မြစ်အရှေ့ဘက် ပန်းတင်တောင်ခြေရင်းတွင် ကြက်သွားထောင်စဉ် ကြက်တွန်သံအကြား တောင်ထိပ်ရှိ သိန်းစွန်ကြီးမှ ကြက်ကို ၎င်းရဲ့အသိုက်သို့ ချီယူသွားသည်ကို တွေ့ ရသဖြင့် တောင်ပေါ်သို့ လိုက်ပြီး သိန်းစွန်ကြီးကို လေးဖြင့် ခွင်းရာမှ ယင်းစွန်ရဲအသိုက်အနီး ကျောက်တုံးပေါ်တွင် ဘုရားရှင် ခြေတော်ရာကို တွေ့ရှိရသည့် သတင်းစကားရ စော်ဘွားကြီးမှ သွားရောက်ဖူးမျှော်၍ စေတီငယ် တည်ခဲ့ကြောင်း မိုင်းတုံမြို့တည် သမိုင်းကြောင်းအရ ယင်းနှစ်မှာ ကောဇာသက္ကရာဇ် ၁၀၉၉ ခုနှစ် ဖြစ်ကြောင်း မိုင်းတုံမြို့မှ သက်တော်ရှည် ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး ဦးဇာရိန္ဒ၏ မှတ်တမ်းတွင် ဖော်ပြပါရှိပေသည်။ မိုင်းတုံမြို့၏ တောင်ဘက် မိုင်းဟန်ကျေးရွာ၏ အနောက်ဘက် မိုင်းဟဲအနီး ရွှေစက်တော် ခြေရာတောင်(စက်တော်ဟမ်းဟုန့်) သိမ်းစွန် အသိုက်တောင်တော်ဟု အမည်တွင် ပါသည်။ (မိုင်းတုံမြို့သမိုင်းကို ကမ္ဘောဇတိုင်းဂျာနယ် အတွဲ ၃၊ အမှတ် ၇ မြစ်သံလွင်အရှေ့ခြမ်းက မြို့ရွှေမိုင်းတုံ သမိုင်းစုံ ဆောင်းပါးတွင် အပြည့်အစုံ လေ့လာဖတ်ရှုနိုင်ပါသည်)

.


 

တည်နေရာ

.

လဒ်တီတွဒ် ၂၀ ဒီဂရီ၊ ၀၆ မိနစ် ၅၅ စက္ကန့်နှင့် လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၃၈ မိနစ်၊ ၂၄ စက္ကန့်တွင် တည်ရှိပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ၄၄၃၇ ပေတွင် တည်ရှိပြီး ယင်း စက်တော်ရာသို့ သွားရောက် ဖူးမျှော်လိုသူ ဗုဒ္ဓဘာသာဝင် သူတော်စင်များအတွက် နတ်လမ်းညွှန်ရလျှင် တောင်ကြီးမှ မိုင်းတုံသို့  ၂၂၀ မိုင် ၄ ဖာလုံ လာရပေမည်။ တောင်ကြီးမှ နမ့်စန်-လင်းခေး-မိုင်းပန် အတိုင်းလာကာ သံလွင်မြစ်မှ တာဆန်းတံတားကို ကျော်၍ ၃၃ မိုင် အဝေးတွင် မိုင်းတုံမြို့ တည်ရှိပါသည်။ လမ်းခရီးတွင် တိမ်ပေါ်ကတောင် ဖြစ်သော ပေ ၄၀၀၀ ကျော် မြင့်သည့် လွယ်ပွတ်တောင်မှ လှမ်းကြည့်လျှင် စွန်ရဲစက်တော်တောင်တော်ကို အဝေးတွင် မှုံရီရီ မြင်တွေ့နိုင်ပါသည်။

.

ဆောင်းရာသီတွင် နှင်းမှုံများ ဝေ့သီလျက်၊ နွေတုတွင် မြူများ ရစ်ခြုံသိုင်းလျက် မြင်တွေ့ရမည် ဖြစ်သည်။ ကျိုင်းတုံ၊ တာချီလိတ်ဘက်မှလည်း လာသူများ ရှိကြသည်။ ကျိုင်းတုံမှ တာချီလိတ်သို့ ၁၀၂ မိုင်၊ တာချီလိတ်မှ မိုင်းဆတ်သို့ ၆၂ မိုင်နှင့် မိုင်းဆတ်မှ မိုင်းတုံသို့ ၄၂ မိုင် ရှိပြီး မိုင်းတုံတွင် ညအိပ် ရပ်နားနိုင်ပါသည်သို့မဟုတ် တောင်တော်တွင် ညအိပ်မည် ဆိုပါက နံနက် ၁၀ နာရီထက် နောက်မကျဘဲ သွားရောက်နိုင်ပါမည်။

.

ရာသီဥတု ကောင်းချိန်တွင် နံနက် ၆ နာရီ သွားပါက ညနေ ၆ နာရီတွင် ပြန်ရောက်မည် ဖြစ်သည်။ ကားမှာ 4 Wheel ဖြစ်ဖို့ လိုပြီး တောင်အတက်အဆင်း လမ်းများမှာ ကျဉ်း၍ ၄၅ ဒီဂရီခန့် မတ်စောက်ကာ အတက်အဆင်း များပြားပြီး အကွေ့အကောက် များပြားသဖြင့် ကားမောင်း ကျွမ်းကျင်ရန် အထူးလိုအပ်မည် ဖြစ်သည်။ သာမန် ကားငယ်များ လုံး၀ သွားရောက်နိုင်မည် မဟုတ်ချေ။ ဘုရားဖူး သွားမည့် သူများသည်လည်း ညအိပ်မည် ဆိုပါက တစ်ညအိပ် အအေး ခံနိုင်ဖို့ လိုအပ်ပေမည်။ အထူးသဖြင့် ဘုရားဖူးများအနေဖြင့် ကျန်းမာရေး ကောင်းရန် လိုအပ်ပါသည်။

.

အဘယ့်ကြောင့်ဆိုသော် စက်တော်ရာ မုခ်ဦးအထိသာ ကားရောက်ပြီး ထိုမှတဆင့် အတက်အဆင်း ကြမ်းမှာ ၁ နာရီခန့် သွားရောက်ရမည် ဖြစ်ရာ ၎င်းမှ တောင်တော်ပေါ်သို့ ကျဉ်းမြောင်းသည့် လှေကား၊ ကျောက်ကြားများမှ ၉၂ ပေခန့် တက်ရောက်ရမည် ဖြစ်ခြင်းကြောင့်ပင်။

.

မိုင်းတုံမှ ပုံပါကျင်မြို့အပိုင်၊ နားကောင်းမူးကျေးရွာသို့ ၂၄ မိုင်၊ ယင်းမှ အနောက်ဘက်သို့ ၂၇ မိုင် သွားရောက်ရမည့် လမ်းခရီးတွင် ၁၁ မိုင်အကွာမှ လွယ်ချီလိတ်ရွာ၊ ဆက်၍ ၆ မိုင်ခန့်မှ မလူးလာရွာ၊ ရေချောင်းငယ်များအား ၄ ကြိမ်ခန့် ဖြတ်ကျော်ပြီးနောက် ၄ မိုင်ခန့်တွင် နားဖယောင်းရွာ၊ ယင်းမှ အချို့ နေရာများတွင် ၄၅ ဒီဂရီ ရှိသည့် တောင်တက်ခရီးဖြင့် ၄ မိုင်ခန့် အကွာတွင် ကျူနားခါးရွာ ရှိပါသည်။ ဤနေရာသည် စက်တော်တောင်သို့ အဝေးမှ လှမ်းဖူးမျှော်နိုင်သည့် ရှုခင်းသာ နေရာ ဖြစ်သည်။ ယင်းတွင် အမှတ်တရ ဓာတ်ပုံများ ရိုက်နိုင်ပြီး ၂ မိုင်ခန့် အကွာရှိ ကားရပ်နား စခန်းသို့ အဆင်းမောင်းနှင်ရမည် ဖြစ်ပါသည်။ မိုင်းတုံမှ ယာဉ်ရပ်နားစခန်းအထိ ယာဉ်မောင်းချိန် ၃ နာရီခွဲခန့် ကြာမည် ဖြစ်သည်။

.

ယာဉ်ရပ်နား စခန်းရှိ စက်တော်ဟန်းဟုန့် မော်တော်ကားလမ်း မော်ကွန်းမှတ်တိုင်တွင် စစ်ဘက်၊ အရပ်ဘက် အလှူရှင် ဒေသခံ တိုင်းရင်းသားများက ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် ဖောက်လုပ် ပြီးစီးသည်ဟု မှတ်တမ်း တင်ထားသည်ကို ဖတ်ရှုရမည် ဖြစ်ပေသည်။ ယင်း ယာဉ်ရပ်နားစခန်းတွင် ဇရပ်ငယ်များ ရှိနေပြီး အဆိုပါနေရာ မုခ်ဦးမှ စ၍ ခြေလျင်ခရီး ၁ နာရီခန့် စတင်ရမည် ဖြစ်သည်။ အတက်အဆင်း မတ်စောက်သဖြင့် ရေဘူးနှင့် နိုင်သမျှ ဝန်အနည်းငယ်သာ သယ်ဆောင်သင့်ပါသည်။ ယင်းမှ တောင်တော်ခြေရင်းတွင် သီတင်းသုံး နေသော ဆရာတော်များ ရှိည့် ဘုန်းကြီးကျောင်းနှင့် နားခိုရန် ဇရပ်များ ဆောက်လုပ်နေဆဲကို တွေ့မြင်ရမှာ ဖြစ်ပါသည်။

.

ထိုမှ တောင်ကလပ်ပေါ်သို့ သံလက်ရမ်း၊ ကျောက်လှေခါး အတိုင်း ကျောက်ကြားများမှ တက်ရောက်ရမည် ဖြစ်ပြီး အပေါ်တွင် သိန်းစွန်သိုက် ခြေတော်ရာကို ဖူးမြင်ရမည် ဖြစ်သလို သဘာဝ ပတ်ဝန်းကျင်အလှကို ခံစားရင်း အနောက်ဘက်တွင် သံလွင်မြစ်ကြီး တောင်တန်းများကြား ရစ်ခွေစီးဆင်းနေသည်ကိုလည်း ရှုမြင်ရမည် ဖြစ်ပေသည်။ တောင်ကလပ် ရင်ပြင်တော်မှာ ပေ ၇၀ အနံ ၁၀ ပေခန့် ရှိပြီး စိတ်သဒ္ဒါ ကြည်နူးစွာဖြင့် ဘုရားခြေတော်ရာကို ဖူးမျှော် ရပါမည်။

.


ဘုရားခြေတော်ရာ ယာဘက် ခြေတော်ရာအား ရွှေချထားသည်ကို ဖူးမြင်ရမည် ဖြစ်သော်လည်း ဝဲဘက် ခြေတော်ရာကိုမူ အဓိဋ္ဌာန်ဖြင့် တရား ရှုမှတ်ပြီးနောက် ဖူးမျှော်ပါက ယာဘက် ခြေတော်ရာရှေ့ တစ်ပေခန့်တွင် ဖူးမြင်ရမည် ဖြစ်သည်ဟု ဖူးမျှော်ခဲ့ရသူ ရဟန်းရှင်လူများက ဆိုကြပါသည်။

.

ဘုရားဖူးပြီးနောက် ပြန်ဆင်းပါက အဆင်းလမ်း ဖြစ်သဖြင့် အထူး သတိပြု ဆင်းရန် သတိပေးလိုပါသည်။ လက်ရှိ လမ်းအခြေအနေအရ မိုးတွင်း သွားရောက်ရန် လုံးဝ မသင့်လျော်ဘဲ အန္တရာယ် များပါသည်။ မိုးကျလျှင်ပင် လမ်းချော်မည် ဖြစ်ပြီး လမ်းကျဉ်းသဖြင့် အတက်အဆင်းကားများ ရှောင်ရန် ခက်ခဲသဖြင့် မိုးတွင်း လာရောက်ခြင်းကို ကန့်သတ်ထားပါသည်။

.

အထူး အကြံပြုလိုသည်မှာ ယင်းသို့ သွားရောက်ပါက ဒေသခံများအကူအညီကို ရယူ သင့်ပါသည်။ လမ်း အခြေအနေ၊ နယ်မြေ အခြေအနေ၊ ရာသီဥတု အခြေအနေတို့အပေါ် သုံးသပ် တွက်ဆသွားနိုင်ပါက ပို၍ ကောင်းမွန်မည် ဖြစ်ခြင်းကြောင့် အကြံပြုရခြင်း ဖြစ်ပါသည်။

.


ပွဲတော်ရက်တွင် ယာဉ်ရပ်နား စခန်းမှာ အစီး ၄၀ ခန့်သာ ရပ်နားနိုင်မည် ဖြစ်သလို အတက်အဆင်း ကားများ ကြပ်တည်းလှသဖြင့် ဂေါပကအဖွဲ့မှ အတက်အဆင်း နာရီဖြင့် သတ်မှတ် စေလွှတ်ရပြီး ဘုရားဖူးများ အောက်ရင်ပြင်တွင် တဲထိုး၍ ညအိပ် ရပ်နားကြသည်မှာ ကွင်းအပြည့်ပင် ဖြစ်သည်။ ဒေသခံများအနေဖြင့် တစ်ခေါက်ရောက်လျှင် နောက်တစ်ခေါက် ဖူးချင်ဖြင့် အခေါက်ခေါက်အခါခါ ဖူးမျှော်လိုသည့် သဒ္ဒါစိတ် ဖြစ်ပေါ်ရပြီး ဆုတောင်းပြည့်သည်ဟု ခံယူကြကြောင်း သိရပါသည်။ ကျန်းမာရေးအရ ဘုရားဖူး လိုသူများအား ဖေးမ လက်တွဲခေါ်ယူကာ ကုသိုလ် ယူကြသူများလည်း ရှိကြပါသည်။

.

တောင်ကြီးမြို့မှ စက်တော်ရာသို့ လာရောက်ဖူးမျှော်ခဲ့သူ အသက် ၆၂ အရွယ် ဒေါ်ဝင်းဝင်းသန်းက ရှမ်းပြည်နယ်ထဲမှာ ခြေတော်ရာ နှစ်ဆူ ရှိတာ မိုင်းပျဉ်းက အဆူကို ဖူးခဲ့ပြီ၊ အခု မိုင်းတုံက ခြေတော်ရာကို ဖူးပြီးတော့ လူဖြစ်ရကျိုး နပ်ပြီလို့ ဆိုချင်ပါတယ်ရောက်ဖူးတဲ့ ဇလုံတောင်ထက် ခက်ခဲတယ်၊ ဒါပေမယ့် လမ်းခရီးရဲ့ ရှုမျှော်ခင်းတွေ ၊ ဘုရားဖူးရတဲ့ ကုသိုလ်တွေက ရခဲလှတဲ့ လူ့ဘဝမှာ တန်ဖိုး အရှိဆုံး ဖြစ်လို့ ကျန်းမာရေး ကောင်းနေတုန်း ဆန္ဒလည်း ရှိမယ်ဆိုရင် သွားရောက် ဖူးမျှော်သင့်ပါတယ်။”ဟု ပြောကြားခဲ့သည်။

.

အလားတူပင် ၎င်း၏ အမျိုးသား မိုင်းတုံတွင် တာဝန်ကျသဖြင့် လိုက်ပါရာမှ စက်တော်ဟန်းဟုန့်ခြေတော်ရာကို ဖူးမြင်ရသည့်အတွက် အင်မတန် ရောက်ခဲ၊ ဖူးခဲဖြစ်သည့် အတွက် ဖူးမြင်ရသမျှ ကုသိုလ်အစုစုကို မျှဝေရင်း ကြည်နူးသဒ္ဒါ ပွားများမှု ပီတိဖြစ်ရကြောင်း နတ္တလင်းမှ ဒေါ်မြမြသင်းက ပြောသည်။

.


 

အမျိုးသားက တောင်အောင်မှာ ကျန်ခဲ့ပြီး ကိုယ်တစ်ယောက်တည်း တက်ဖူးမျှော်ရပေမယ့် ဘုရား ဖူးရတဲ့ ပီတီအဟုန်က အရမ်းကို ကြည်နူးပြီး လိုက်ပါ ပို့ဆောင်သူတွေ အားလုံးကို သာဓုအကြိမ်ကြိမ် ခေါ်မိပါတယ်။” ဟု ၎င်းက ပြောသည်။

.

ကျိုက်ထီးရိုး တောင်တက်တာထက် ပိုမို ခက်ခဲပြီး တောင်ဝှေးတစ်ချောင်းကို အားပြု တက်ရသော်လည်း အသက် ၅၅ နှစ်အတွင်း ယခုဘုရားဖူး ခရီးမှာ ပင်ပန်းသည်နှင့်အမျှ ဘုရားရှင်မေတ္တာတော်ဖြင့် ငြိမ်းအေးရကြောင်း ၎င်းက ပြောဆိုခဲ့သည်။

.

မိုင်းတုံဒေသခံ ဒေါ်နန်းမိုခမ်းကလည်း ဖူးထိုက်မှ ဖူးရသည် ဖြစ်၍ အချို့မှာ တောင်ပေါ် မရောက်ဘဲ ပြန်လှည့် လာရသူများ ရှိသည့်အတွက် ကျန်းမာရေး ကောင်းမွန်စဉ်တွင် လာရောက် ဖူးမျှော်ကြရန် ဖိတ်ခေါ်ခဲ့သည်။

.

ယခင် ကားလမ်း မပေါက်ခင်က လူငယ်များ တောင်တက် ဆိုင်ကယ်များဖြင့် သွားရောက်ခဲ့ကြသည်တွင် ယခုထက် ပိုမို ခက်ခဲပင်ပန်းသော်လည်း ဘုရားဖူးရသဖြင့် ကုသိုလ်ထူး ရကြကြောင်း၊ ကားရပ်နား စခန်းအထိသာ အသား၊ ငါး စားသောက်နိုင်သော်လည်း စက်တော်ဟန်းဟုန့်တွင်မူ သတ်သတ်လွတ်သာ စားသောက်ခွင့် ပြုကြောင်း မိုင်းတုံမှ စဝ်စိုင်းက ပြောကြားခဲ့သည်။

.

ယခုတွင်မူ ရှမ်းအရှေ့ တာချီလိတ်၊ ကျိုင်းတုံက်မှ ဘုရားဖူး အများ လာရောက် ဖူးမျှော်လျက် ရှိကြရာ ဘုရားပွဲတော်ရက် ဖြစ်သည့် တပေါင်းလပြည့်နေ့တွင်မူ ရပ်နီး/ရပ်ဝေး ဘုရားဖူး ပရိတ်သတ်များဖြင့် အလွန်စည်ကား သိုက်မြိုက်မည် ဖြစ်ကြောင်းပါ။

.

တက်ခဲ့ပါနော် စွယ်တော်နှင့် တောင်တန်းတက်တိုင်းလေ ရွှင်ပျော်ပျော်နဲ့ တစ်တောင်ကျော် တစ်တောင်ကူး ဦးညွတ်လို့ဖူး။

ရောက်စေချင်ပါသည်ဖူးစေချင်ပါသည်တစ်ခါတစ်ခေါက် လှမ်းခဲ့ပါလို့လည်း ရွှေမိုင်းတုံမြေမှ လှိုက်လှဲပျူငှာ နွေးထွေးစွာဖြင့် ဖိတ်ခေါ်လိုက်ရပါသည်။ ကောင်းမှုကုသိုလ် အစုစု နတ်လူသာဓု ခေါ်စေသောဝ် 

.


 

Journal Download

Photo of three cats