□ မင်းဇော်မင်း
.
၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီသည် ရှမ်းပြည်နယ် အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပါတီများ အနက် လွှတ်တော်ကိုယ်စားလှယ် နေရာ ရရှိမှု နိုင်ငံရေးအောင်နိုင်မှု အဆင့် အမြင့်ဆုံးနေရာကို ရရှိထားသည်။
.
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်မှ ၁၅ ရက်ထိ ရှမ်းပြည်နယ်ရှိ ဒေသခံ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံမှု အပြီးတွင် ယခင်က ရှမ်းပြည်နယ် ဦးဆောင်မှု အခန်းကဏ္ဍ၌ ပါဝင်ခြင်း မရှိခဲ့သည့် SNLD ပါတီအနေဖြင့် လာမည့် တတိယအကြိမ် လွှတ်တော်နှင့် အစိုးရ သက်တမ်းအတွင်း ဦးဆောင်ခွင့် ရတော့မည်လားဟု သုံးသပ် ထင်မြင်ယူဆမှုများ ဆက်တိုက် ထွက်ပေါ်လာနေသော်လည်း ရလဒ်ကသာ အဓိက ဖြစ်သည့် အတွက် ဆွေးနွေးပွဲ ရလဒ်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်းနှင့် အပြန်အလှန် ဆွေးနွေးဖို့ လိုဦးမည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။
.
“ ကျွန်တော့်အမြင် ပြောရရင်တော့ SNLD နဲ့ NLD က လောလောဆယ် တွေ့ဆုံဖို့တောင် တော်တော်လေး ညှိနှိုင်းပြီးတော့ တွေ့ကြရတာပေါ့။ ရန်ကုန်မှာ SNLD ဥက္ကဌနဲ့ ဒုဥက္ကဌကို NLD ဘက်က အဆင့်မြင့် ခေါင်းဆောင်တွေ သွားတွေ့တယ်။ နောက်တစ်ခါ တွေ့ကြမယ့် ခေါင်းဆောင် ၂ ဦးက တစ်ရက် ကြိုပြီးတော့ ညှိရတယ်။ SNLD ဘက်က တောင်းဆိုချက်ကို NLD ဘက်က လိုက်လျော ပေးသလို SNLD ကလည်း NLD ရဲ့ ရုံးမှာ သွား တွေ့ပေးတယ်၊ အပြန်အလှန် ညှိနှိုင်းမှုတွေ လုပ်တာကို တွေ့ရတယ်။ မနေ့က (ဒီဇင်ဘာ ၁၅ ) ဆွေးနွေးပွဲကတော့ ဆွေးနွေးပွဲ ဆိုတာထက် နားထောင်ပွဲ ဖြစ်ပါလိမ့်မယ်။ တစ်အချက် တွေ့ဖြစ်သွားတယ်။ နှစ်အချက်က SNLD ပြောတာကို နားထောင်သွားတယ်။ NLD ဘက်က သဘောထား ဖော်ပြသွားတာ မရှိသေးပါဘူး။ ဒုတိယ အဆင့် SNLD နဲ့ NLD ရဲ့ ဆွေးနွေးပွဲရလဒ် ဘာဖြစ်မလဲဆိုတာကို စောင့်ကြည့် ရဦးမယ်လို့ ထင်ပါတယ်။ အပြန်အလှန် ဆွေးနွေးဖို့ လိုဦးမယ်လို့ ထင်ပါတယ်။”ဟု နိုင်ငံရေးနှင့် တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးက ပြောသည်။
.
တစ်အချက် တွေ့ဖြစ်သွားတယ်။ နှစ်အချက်က SNLD ပြောတာကို နားထောင်သွားတယ်။ NLD ဘက်က သဘောထား ဖော်ပြသွားတာ မရှိသေးပါဘူး။ ဒုတိယ အဆင့် SNLD နဲ့ NLD ရဲ့ ဆွေးနွေးပွဲရလဒ် ဘာဖြစ်မလဲဆိုတာကို စောင့်ကြည့်ရဦးမယ်လို့ ထင်ပါတယ်။ အပြန်အလှန် ဆွေးနွေးဖို့ လိုဦးမယ်လို့ ထင်ပါတယ်။
.
ထို့အတူ NLD နှင့် SNLD တို့၏ တွေ့ဆုံပွဲ အပြီးတွင် SNLD ပါတီ ကိုယ်စားလှယ်ဖြစ်သူ စိုင်းကျော်ညွန့်က NLD နှင့် လက်တွဲမှုသည် ပြီးခဲ့သည့် ၅ နှစ် အတွင်းသာ ခပ်ခွာခွာ ရှိခဲ့သော်လည်း ယုံကြည်မှု ပိုမို တည်ဆောက်နိုင်ပြီး တာဝန်များ ရရှိလာပါက ပြည်ထောင်စု အရေးတွင် ပိုမို ပူးပေါင်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်က ရှမ်းပြည်နယ် အစိုးရနှင့် ပြည်နယ်လွှတ်တော် နေရာများတွင် ပါဝင်လာနိုင်ရေး ဆန္ဒပြုခဲ့ခြင်း ဖြစ်သည်ဟု ယူဆပါသည်။
.
“ ၂၀၁၅ တုန်းက NLD ကိုယ်တိုင်က ကျွန်တော်တို့ကို ကမ်းလှမ်းခဲ့တာ ရှိတယ်။ ကျွန်တော်တို့က ပါတီ တည်ဆောက်ရေးကို လုပ်နေရတဲ့အတွက် အဲဒီအချိန်မှာ NLD ကို မကူညီခဲ့နိုင်ဘူး။ ဒီတစ်ခေါက်ကတော့ ကျွန်တော်တို့ကို တာဝန် ပေးအပ်လာမယ်ဆိုရင် ကူညီဆောင်ရွက်သွားဖို့ အဆင်သင့် ရှိပါတယ်။ ကျွန်တော်တို့က နှစ်ပေါင်း များစွာ အတူလက်တွဲ လုပ်လာခဲ့တဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ် အတွင်းမှာသာ နည်းနည်း ခပ်ခွာခွာနေသလို ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ဘက်ပါတီရဲ့ ရည်ရွယ်ချက်တွေကတော့ အရမ်းကြီး ကွဲပြားမှာ မဟုတ်ပါဘူး” ဟု SNLD အတွင်းရေးမှူး(၁) စိုင်းကျော်ညွန့်က NLD ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံမှု အပြီးတွင် ပြောဆိုခဲ့သည်။
.
အခြား ဒေသခံ တိုင်းရင်းသားပါတီများကလည်း နိုင်ငံရေး နယ်ပယ်တွင် ပိုမို နေရာ ရရှိကာ ပြည်ထောင်စုကြီး တည်ဆောက်မှုတွင် ပိုမို ပါဝင် အားဖြည့် ကူညီနိုင်ရေးကိုသာ ပြောကြားခဲ့ကြပေသည်။ အဓိက တောင်းဆိုမှုမှာ တိုင်းရင်းသားများကို ယခုထက် ပိုမို ပူးပေါင်း ဆောင်ရွက်ခွင့် ပြုရေးပင် ဖြစ်သည်ဟု ၎င်းတို့၏ မီဒီယာများ အပေါ် ရှင်းလင်း ပြောဆိုမှုများအရ ထင်မြင်မိပါသည်။
.
ပထမအကြိမ် ရှမ်းပြည်နယ်အစိုးရကို ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)က ဦးဆောင်ခဲ့ပြီး ဒုတိယအကြိမ် ရှမ်းပြည်နယ်အစိုးရကို ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ NLD က ဦးဆောင်ခဲ့သော်လည်း ပထမအကြိမ်နှင့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်ကိုမူ ကိုယ်စားလှယ်နေရာ အများဆုံး ရရှိခဲ့သော USDP မှသာ လွှမ်းမိုးခဲ့ခြင်း ဖြစ်ရာ ယခု ၂၀၂၁ ခုနှစ်တွင် စတင်တော့မည့် ရှမ်းပြည်နယ် အစိုးရနှင့် ရှမ်းပြည်နယ်လွှတ်တော်ကို အလှည့်အပြောင်း အဖြစ် ဒေသခံပါတီများအနက် ကိုယ်စားလှယ် အင်အား အများဆုံး SNLD က ဦးဆောင်မှု ပြုလာမည်လား ဆိုသည့်အချက်မှာ အထူး စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။
.
ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အတွင်းရှိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၄၉ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာ၊ ရှမ်းပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၉၈ နေရာ၊ တိုင်းရင်းသားရေးရာ မဲဆန္ဒနယ် ၇ နေရာ၊ စုစုပေါင်း မဲဆန္ဒနယ် ၁၆၆ နေရာရှိသည့်အနက် NLD မှ ၅၁ နေရာ ၊ USDP မှ ၄၂ နေရာ၊ SNLD မှ ၄၁ နေရာ၊ TNP မှ ၁၂ နေရာ၊ PNO မှ ၁၁ နေရာ ၊ WNP မှ ၃ နေရာ၊ LNDP မှ ၂ နေရာ၊ SNDP မှ ၁ နေရာ၊ KNP မှ ၁ နေရာနှင့် တစ်သီးပုဂ္ဂလမှ ၂ နေရာဖြင့် အသီးသီး အနိုင်ရရှိ ထားကြသည်။
.
ယင်းတွင် SNLD သည် ရှမ်းပြည်နယ်အတွင်း၌ အမျိုးသား လွှတ်တော်၂ နေရာ၊ ပြည်သူ့လွှတ်တော် ၁၃ နေရာ၊ ပြည်နယ်လွှတ်တော် ၂၆ နေရာဖြင့် စုစုပေါင်း ၄၁ နေရာ ရရှိခဲ့၍ ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပါတီများအနက် ကိုယ်စားလှယ်နေရာ အများဆုံး အနိုင် ရရှိခဲ့ခြင်း ဖြစ်သည်။
.
အထက်ပါ အနိုင်ရ ကိုယ်စားလှယ် အရေအတွက်များအရ ရှမ်းပြည်နယ်လွှတ်တော်တွင် SNLD သည် ဒုတိယနေရာတွင် အင်အားကြီးပါတီ အဖြစ် ရပ်တည်နေသည်ကို တွေ့မြင်ရမည် ဖြစ်ပေသည်။ USDP ကမူ ကိုယ်စားလှယ်နေရာ တတိယနေရာတွင် ရှိသော်လည်း တပ်မတော်သား ကိုယ်စားလှယ်များဖြင့် အင်အား ပူးပေါင်းပါက အများဆုံး ရှိနေခြင်းကြောင့် NLD နှင့် SNLD အပါအဝင် တိုင်းရင်းသား ပါတီများ၏ ပူးပေါင်းမှုက အရေးပါနေလျက် ရှိသည်ကို တွေ့ရသဖြင့် အပြန်အလှန် အပေးအယူ လုပ်ဖို့ လိုအပ်မည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
.
“ ပြည်နယ်ဝန်ကြီးချုပ် နေရာကတော့ NLD ဘက်က ဘယ်သူနဲ့မှ ညှိစရာ မလိုဘူး၊ ပုဒ်မ ၂၆၁ အရ တိုက်ရိုက် ခန့်လို့ ရတယ်။ လွှတ်တော်ဥက္ကဌ နေရာကိုတော့ ညှိရမှာပေါ့။ ညှိနှိုင်းမှု ရလဒ် ဘယ်လို ထွက်မလဲ ဆိုတာကိုတော့ ကျွန်တော်တို့က စောင့်ကြည့်ရမှာပါ။ ဒါကလည်း အပြန်အလှန် အပေးအယူ လုပ်ဖို့တော့ လိုအပ်တာပေါ့။”ဟု ဦးမောင်မောင်စိုးက ပြောသည်။
.
“ ပြည်နယ်ဝန်ကြီးချုပ် နေရာကတော့ NLD ဘက်က ဘယ်သူနဲ့မှ ညှိစရာ မလိုဘူး၊ ပုဒ်မ ၂၆၁ အရ တိုက်ရိုက် ခန့်လို့ ရတယ်။ လွှတ်တော်ဥက္ကဌ နေရာကိုတော့ ညှိရမှာပေါ့။ ညှိနှိုင်းမှု ရလဒ် ဘယ်လို ထွက်မလဲ ဆိုတာကိုတော့ ကျွန်တော်တို့က စောင့်ကြည့်ရမှာပါ။ ဒါကလည်း အပြန်အလှန် အပေးအယူ လုပ်ဖို့တော့ လိုအပ်တာပေါ့။”.
သို့အတွက် ရှမ်းပြည်နယ်လွှတ်တော်တွင် NLD သို့မဟုတ် SNLD က လွှတ်တော်ဥက္ကဌ နေရာနှင့် ဒုဥက္ကဌ နေရာများကို ရယူမည်ဆိုပါက အပြန်အလှန် ထောက်ခံပေးမှသာ ရရှိနိုင်မည့် အနေအထားဟု သုံးသပ်မိပါသည်။ အကယ်၍ NLD က ဒုဥက္ကဌ နေရာသာ ရယူပြီး SNLD ကို ဥက္ကဌနေရာ ထောက်ခံပေးပါက ရှမ်းပြည်နယ်လွှတ်တော်ကို ရှမ်းပါတီက ဦးဆောင်ခွင့် ရရှိမည် ဖြစ်ပေမည်။
.
ဤသည်ကပင် ဖက်ဒရယ်အတွက် ပြယုဂ်ကောင်း ဖြစ်ကာ ရှမ်းပြည်နယ်ကို ရှမ်းတိုင်းရင်းသားပါတီမှ ရှမ်းလူမျိုးများက ဦးဆောင်သည်ဆိုသည့် အနှစ်သာရပိုင်းလည်း ပြည့်ဝပေမည်။ ပင်လုံစာချုပ် ဖြစ်ပေါ်ခဲ့သည့် အခြေခံ အကျဆုံးရက် ဖြစ်သည့် ရှမ်းပြည်နယ်နေ့၊ ရှမ်းအမျိုးသားနေ့၊ ရှမ်းပြည် အမျိုးသားနေ့ဟု အမျိုးမျိုး ခေါ်တွင်ကာ ကျင်းပနေကြသည့် ဖေဖော်ဝါရီလ ၇ ရက်ကို ယခင်က တစ်မဲဖြင့်သာ ရှုံးနိမ့်ခဲ့ရပြီး အနိုင် မရရှိခဲ့သည့် ရုံးပိတ်ရက် သတ်မှတ်ရေး အဆိုသည် လွှတ်တော်တွင် တင်ပြ အောင်နိုင်တော့မည့် အခြေအနေ ဖြစ်ပေမည်။
.
ဖက်ဒရယ်တွင် ဒွန်တွဲဖက်ဒရယ်နှင့် ပူးပေါင်းဖက်ဒရယ်ဟူ၍ နိုင်ငံရေးပညာရှင် ဟေ့ဂ်နှင့် ဟားရော့တို့က ခွဲခြား ပြခဲ့ကြရာ ဒွန်တွဲဖက်ဒရယ်ကို အခြေခံဥပဒေအရ သီးခြားစီ ရှိနေသည့် ပြည်ထောင်စုနှင့် ပြည်နယ်များကို ဆက်စပ်ပေးသည့် အမေရိကန်တွင် ကျင့်သုံးပြီး ပူးပေါင်းဖက်ဒရယ်ကို ဒေသတွင်း ကွဲလွဲမှုများ ရှိနေသော်လည်း ဆုံးဖြတ်ချက် ချမှတ်နိုင်မှုကို အောက်ဆုံးအဆင့်အထိ ချပေးခြင်းဖြင့် ညီညွတ်မှုကို ရယူထားသည့်် အနေအထားဖြင့် ဥရောပတွင် ကျင့်သုံးကြကြောင်း သိရှိရသည်။
.
ယင်း စနစ်သည် အာဏာခွဲဝေရုံ သက်သက်သာမက အချုပ်အခြာအာဏာကိုလည်း ခွဲဝေရခြင်း ဖြစ်ရာ ဖက်ဒရယ်စနစ်တွင် ရှိပြီးသား အကျိုးစီးပွားများကို အတူယှဉ်တွဲရေးမူကို ကျင့်သုံးသလို အတူ ပေါင်းစည်းရေးမူကိုလည်း ကျင့်သုံးသည်ကို တွေ့ရသည်။ လက်ရှိ ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်း ရှိသည့် နိုင်ငံပေါင်း ၂၂ နိုင်ငံတွင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေသည်ကို လေ့လာ သိရှိရသည်။
.
မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းဖက်ဒရယ် ဖော်ဆောင်မှုက အသင့်တော်ဆုံးဟု ယူဆနိုင်ပြီး လက်ရှိ နိုင်ငံရေးအရ စစ်ဘက်- အရပ်ဘက် ဆက်ဆံရေးတွင် အရပ်ဘောင်ချဲ့ရေး အားကောင်းလာစေရန်မှာ ယခုကဲ့သို့ နိုင်ငံရေး ပုံဖော်မှုက စစ်ဘောင်ချဲ့မှုကို လျော့ကျစေမည် ဖြစ်သည်ဟု ယူဆပါသည်။
.
ဒီမိုကရေစီဆိုသည် သဘောတူညီခြင်းများ အကြောင်းသက်သက်သာ မဟုတ် အငြင်းပွားမှုများကို မည်ကဲ့သို့ ကိုင်တွယ် ဖြေရှင်းကြသည် ဆိုသော အချက်ကသာ ဒီမိုကရေစီ ဖြစ်ရာ အများပြည်သူ ဆွေးနွေး ငြင်းခုံခြင်း ဆိုသော နောက်ခံတွင် မတူညီသော အမြင်အမျိုးမျိုးကို သင့်တင့် လျောက်ပတ်စွာ မျှမျှတတ ဖော်ပြခြင်း၊ လူနည်းစုများ၏ ရပ်တည်ချက်နှင့် အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ခြင်း စသည်တို့မှာ ဒီမိုကရေစီဖြစ်သည် ဆိုသည့် ဒီမိုကရေစီ ဗဟုဝါဒကို ထင်ဟပ်စေမည် ဖြစ်သည်။
.
လက်ရှိ မြန်မာ့ ပြည်တွင်းရေးတွင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ တပ်မတော် စသည့် အင်အားစုများကို စုစည်းရန်မှာ ဖက်ဒရယ်နှင့် ဒီမိုကရေစီ လိုလားသည့် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်များ ပူးပေါင်း ညီညွတ်ကြရေး လိုအပ်နေသလို စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး ပိုမို ကောင်းမွန် မြင့်တင်နိုင်ရေးမှာလည်း အရေးကြီးပေရာ နိုင်ငံရေးဘောင်အတွင်း တိုင်းရင်းသားများကို တာဝန် ခွဲဝေပေးခြင်းဖြင့် ငြိမ်းချမ်းရေးကို လက်တွဲ ဆောင်ရွက် ရယူနိုင်စွမ်း ပိုမိုလာမည်ဟု ထင်မြင်မိပါသည်။
.
ရှမ်းပြည်နယ်လွှတ်တော်ကို ရှမ်းနိုင်ငံရေးပါတီမှ ဦးဆောင်ခွင့် ရရှိပါက ဖက်ဒရယ်ကို သာမက ဒီမိုကရေစီကို ကျင့်သုံးရာ ရောက်မည် ဖြစ်ပြီး တိုင်းရင်းသားများ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ကို အနိုင်ရ ပါတီကြီး ဖြစ်သည့် NLD အနေဖြင့် အာဏာနှင့် လုပ်ပိုင်ခွင့်ကို မျှဝေကျင့်သုံးခြင်း ဖြစ်ပြီး အမျိုးသားညီညွတ်ရေးဟူသော တိုင်းရင်းသားများနှင့် ပြည်ထောင်စုကြီးကို ညီညွတ်စွာဖြင့် အားကောင်းစွာဖြင့် အကောင်အထည် ဖော်ဆောင်နိုင်စေမည် ဖြစ်သဖြင့် ရှမ်းပြည်နယ်လွှတ်တော်ကို ရှမ်းတိုင်းရင်းသားပါတီက ဦးဆောင်ခွင့် ရမည်ဆိုပါက အထူး သင့်လျော်ကြောင်း ရှမ်းပြည်နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက မှတ်ချက်ပြုသည်။
.
ရှမ်းပြည်နယ်လွှတ်တော်ကို ရှမ်းနိုင်ငံရေးပါတီမှ ဦးဆောင်ခွင့် ရရှိပါက ဖက်ဒရယ်ကို သာမက ဒီမိုကရေစီကို ကျင့်သုံးရာ ရောက်မည် ဖြစ်ပြီး တိုင်းရင်းသားများ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ကို အနိုင်ရ ပါတီကြီး ဖြစ်သည့် NLD အနေဖြင့် အာဏာနှင့် လုပ်ပိုင်ခွင့်ကို မျှဝေကျင့်သုံးခြင်း ဖြစ်ပြီး အမျိုးသားညီညွတ်ရေးဟူသော တိုင်းရင်းသားများနှင့် ပြည်ထောင်စုကြီးကို ညီညွတ်စွာဖြင့် အားကောင်းစွာဖြင့် အကောင်အထည် ဖော်ဆောင်နိုင်စေမည်.
သို့သော် အထင်နှင့် လက်တွေ့မှာ ကွာခြား တတ်ပါသည်။ မည်မျှပင် ဆန္ဒ ရှိနေကြသော်လည်း အနိုင်ရသူက မည်မျှ သဘောထား ကြီးမည်၊ မည်မျှ ပူးပေါင်း ဆောင်ရွက်မည် ဆိုသည်များကမူ ဆရာ့စိတ်ထဲမှာပင် ရှိသည် ဆိုသော အယူအဆအရ ဆောက်ဖြစ်မှသာ ကျောင်းဒါယကာ ဟူသကဲ့သို့ ရှမ်းပြည်မှာ ရှမ်းပါတီ ဦးဆောင်ခွင့် ရခြင်း/ မရခြင်းကို နောက်လာမည့် ရက်ပိုင်းသာ လိုတော့သည့် ဖေဖော်ဝါရီလအတွင်း ဖြစ်ပေါ်လာမည့် အဖြေကို စောင့်ကြည့်ရတော့မည် ဖြစ်ပါကြောင်း။ ။