မင်းဇော်မင်း
.
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅ စုမှ ကျေးရွာနေ ပြည်သူများ အဓိကအားထား
သွားလာနေသည့် နောင်ကန်-မုံးဟွေလမ်းပေါ်တွင် RCSS/SSA မှ သံချောင်းများ
ထောင် ထားခြင်း၊ ခရီးသွားပြည်သူများကို ခြိမ်းခြောက်ပြောဆိုခြင်းများ ရှိနေသဖြင့် ဒေသခံများ
သွားလာရေးအခက်အခဲ ဖြစ်ပေါ်နေသည်ဟု ဆိုကာ ကျေးရွာအုပ်စု ၅ စုမှ အုပ်ချုပ်ရေးမှူးများက
နမ့်ဆန်မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ ဇန်နဝါရီ လ ၁၉ ရက်တွင် စာဖြင့် တင်ပြထားကြောင်း
သိရသည်။
.
.အဆိုပါ ကျေးရွာအုပ်စု ၅ စုမှ အုပ်ချုပ်ရေးမှူးများ၊
ရဟန်းသံဃာများနှင့် ရွာမိရွာဖများက ဇန်နဝါရီလ ၁၇ ရက်တွင် နမ့်လင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌
လူထုတွေ့ဆုံပွဲပြုလုပ်ပြီး ညှိနှိုင်းဆွေးနွေးမှုဖြင့် တင်ပြခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
“ဦးဇင်းတို့ရွာတွေကို ဒီလိုပိတ်ဆို့ထားတော့ သွားလာရောင်းဝယ်ရေးတွေ
ခက်ခဲကုန်တယ်။ အခုဆိုရင် ၁၇ ရက်လောက် တောင်ရှိပြီ။ ပြီးတော့ လမ်းမှာ သံချောင်းထောင်တာတွေ၊
ခြိမ်းခြောက်ပစ်ခတ်တာတွေ ရှိလာတော့ အထက်ကို ဒီကိစ္စ ဖြေရှင်းဆောင်ရွက်ပေးဖို့ လူထုအစည်းအဝေး
ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု နမ့်ဆန်မြို့နယ်၊ မန်လွယ်ကျောင်း ဆရာ တော် ဦးသောဘိတက မိန့်ကြားသည်။
.
ပိတ်ဆို့ခံထားရသည့် နမ့်လင်း၊ တောင်ကျော်၊ မန်လွယ်၊
ခေးခင်၊ လုံတောက်ကျေးရွာအုပ်စု ၅ စုမှ အုပ်ချုပ်ရေးမှူးများ အပါအဝင် ၃၁ ဦးက ကျေးရွာလူထု
၄၀၀၀၀ ခန့် ကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။
.
“မန်စံဘက် နမ္မတူမြစ်ကို ဖြတ်ထားတဲ့ ကြိုးတံတားအနီး
မိုင်တိုင် ၃၁ ကနေ ၃၃ ကြား တောင်ပေါ်က သေနတ်နဲ့ ခြိမ်းခြောက်ပစ်ခတ်တာတွေ ရှိတယ်။ လူတွေတော့
မမှန်ပါဘူး။ ကားတွေ၊ ဆိုင်ကယ်တွေ သံချောင်းစူးကြတယ်။ လူတွေကိုလည်း သူတို့နဲ့ကြုံရင်
မေးမြန်းပြီးရင် လှည့်ပြန်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိနေတယ်” ဟု မန်လွယ် ကျေးရွာ
အုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ဇော်က ပြောသည်။
.
ယင်းကျေးရွာအုပ်စုများမှ မန်စံကျေးရွာဘက်သို့ သွားရာ
နောင်ကန်-ဟုံဟွေးကျေးရွာ လမ်းမပေါ်တွင် ၄ လက်မ သံချောင်းများ ထောင်ထားသဖြင့် ခရီးသွားယာဉ်များ
ဘီးပေါက်၍ ဒုက္ခရောက်နေကြရခြင်းဖြစ်ကာ ပြီးခဲ့သည့် ဇန်နဝါရီ လ ၅ ရက်ကတည်းက ယင်းကဲ့သို့လုပ်ဆောင်လာခြင်းဖြစ်သည်ဟု
၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ထို့အတူ နမ့်လင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး
ဦးစိုးမိုးခိုင် ကလည်း “အဲဒီဘက်ကို သွားမရတော့ လားရှိုးဘက် လှည့် ပတ်သွားရတယ်။ ကုန်တွေ
ဝယ်ခြမ်းရတာ အချိန်ကြန့်ကြာတဲ့အပြင် ဈေးကလည်း ၃ ဆလောက် တက်သွားတော့ လူထုတွေ ဒုက္ခရောက်နေတယ်။
၃၃ မိုင်ခရီးကို ကွေ့ဝိုက်သွားရတော့ မိုင် ၁၀၀ လောက်ရှိတယ်။ နမ့်ဆန်မြို့နယ် အုပ်ချုပ်ရေးမှူးကတော့
နမ္မတူမြို့နယ်နဲ့ ညှိနှိုင်းလုပ်ဆောင်ပေးမယ်၊ အဆင်ပြေမယ်ပြောပြီး မနေ့ကပဲ လမ်းတွေ
သွားလို့ရပြီလား မေးတော့ ဘယ်သူမှ မသွားရဲဘူး။ အုပ်ချုပ်ရေးဘက်က ရှင်းပြီးမှပဲ သွားရဲမယ်လို့
ပြောလိုက်တယ်” ဟု ပြောသည်။
.
အဆိုပါ နမ့်ဆန်-မန်စံလမ်းပေါ်တွင် ပြီးခဲ့သည့်
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်ကလည်း RCSS/SSA အဖွဲ့မှ ပိတ်ဆို့
ထားခဲ့မှုကြောင့် နမ့်ဆန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြခဲ့ရဖူးကြောင်း
သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ RCSS/SSA မှ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးအား ဆက်သွယ်မေးမြန်းရာတွင် “အဲဒါက RCSS က လုပ်တာ မဟုတ်ပါဘူး။ အကယ်၍ လုပ်ထားတာ မှန်ရင်တောင်မှ တခြားတစ်ဖွဲ့ဖွဲ့က RCSS ကို သိက္ခာကျ အောင် လုပ်တာဖြစ်ပါလိမ့်မယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
ပိတ်ဆို့ခံထားရသည့် ကျေးရွာအုပ်စု ၅ စုတွင် ကျေးရွာပေါင်း
၂၀ ခန့်ရှိပြီး လူဦးရေ ၄၀၀၀၀ ခန့်နေထိုင်လျက် ရှိကြောင်း သိရသည်။
.