.
နေပြည်တော်ကောင်စီ၊ အခြား တိုင်းဒေသကြီး/ပြည်နယ်များမှ ရှမ်းပြည်နယ် အတွင်းသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်မည့် နိုင်ငံ့ဝန်ထမ်း၊ အရာထမ်း၊ အမှုထမ်း၊ တပ်ဖွဲ့ဝင်များ အားလုံး ၎င်းတို့ တာဝန်ကျသည့် နေရာဒေသသို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် Quarantine ၁၄ ရက် ဝင်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။
.
ဝန်ထမ်းများ အနေဖြင့် COVID-19 ရောဂါပိုး မရှိကြောင်း Negative ထောက်ခံချက် ပါရှိသည် ဖြစ်စေ၊ မပါရှိသည် ဖြစ်စေ Quarantine ၁၄ ရက် ဝင်ရောက်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပြီး Negative အဖြေ ရရှိမှသာ တာဝန်ထမ်းဆောင်ရန် ရှမ်းပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဇန်နဝါရီလ ၅ ရက်တွင် သက်ဆိုင်ရာဌာနများသို့ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
.
ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်က ပြုလုပ်ခဲ့သော ရှမ်းပြည်နယ်အစိုးရအဖွဲ့ သတင်းညှိနှိုင်း အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီးနောက် ရှမ်းပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဥက္ကဌများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီများသို့ ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း၌ ဇန်နဝါရီလ ၆ ရက်၊ နေ့လယ် ၁၁ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၉၆၀ ဦး တွေ့ရှိထားပြီး ယင်းအနက် ၃ ဦး သေဆုံး၍ ၇၃၇ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိပြီ ဖြစ်ကာ ၂၂၀ ဦးမှာ သက်ဆိုင်ရာ ဆေးရုံများတွင် ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။