စုလှိုင်
.
တောင်ကြီးတက္ကသိုလ်ဝင်းအတွင်း ဖွင့်လှစ်ထားသော Quarantine
Center တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုမှ နစ်နာသူ အမျိုးသမီးကို တရားရုံးစစ်ဆေးနိုင်ရန်အတွက်
ဇန်နဝါရီလ ၂၆ ရက်တွင် ချိန်းဆိုထားကြောင်း သိရသည်။
.
“ဇန်နဝါရီ ၂၆ ရက်မှ တရားလို၊ နစ်နာသူအမျိုးသမီးကို
စစ်ဆေးဖို့ ချိန်းဆိုထားပါတယ်။ သက်သေအနေနဲ့ ၂၃ ဦးရှိပြီး ဧပြီလ ၂၆ ရက်မှာ တရားလိုဘက်
အပြီးအပြတ်စစ်ဆေးဖို့ စီမံထားပါတယ်” ဟု တောင်ကြီးမြို့နယ်တရားရုံး သတင်း ပြန်ကြားရေး
တွဲဘက်အရာရှိ၊ မြို့နယ်တရားသူကြီး (၁) ဒေါ်ခိုင်ခိုင်မိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း အဓမ္မမှုမှ ကျူးလွန်သူ ကျော်ထွန်းလင်း (ခ) ကျော်ကြီးကို
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်က ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၄၅၇၊ ရာဇဝတ်ကြီးအမှုအမှတ်
(၁၆၃၁/၂၀၂၀)ဖြင့် တောင်ကြီးမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
.
လက်ရှိတွင် COVID-19 ရောဂါ
ကာကွယ်ထိန်းချုပ်ရေးကာလ ဖြစ်သည့်အတွက် တရားခံ ထိန်းသိမ်းထားရှိသည့် နေရာ တွင် အထုတ်/အသွင်းပြုလုပ်ရန်
မလွယ်ကူခြင်းကြောင့် တရားခံ ထိန်းသိမ်းထားရှိသည့်နေရာနှင့် တရားရုံးကို Video
Conferencing စနစ်ဖြင့် ချိတ်ဆက် ကြားနာစစ်ဆေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
“တရားရုံးက မီးမလာရင်ပဲဖြစ်ဖြစ်၊ တရားခံ ထိန်းသိမ်းထားရှိတဲ့နေရာမှာ
မီးမလာရင်ပဲဖြစ်ဖြစ် သက်သေတွေကို စစ်ဆေးနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် တရားလိုပြသက်သေတွေကို
လာဖို့ ဆင့်ခေါ်စာ ထုတ်ဆင့်ထားပေမဲ့ လာရောက် ခြင်းမရှိရင် စစ်ဆေးဆောင်ရွက်လို့မရပါဘူး။
ဒါတွေက တရားရုံးရဲ့ အခက်အခဲတွေပါ” ဟု ဒေါ်ခိုင်ခိုင်မိုးက ဆက်လက် ပြောဆိုခဲ့သည်။
.
တောင်ကြီးတက္ကသိုလ်၊ နန်းဝတီအမျိုးသမီးအဆောင်ရှိ
Quarantine Center တွင် အသွားအလာ ကန့်သတ်ထားသည့် အမျိုးသမီးတစ်ဦးသည်
နိုဝင်ဘာလ ၂၉ ရက်၊ ညပိုင်းက အခန်းအတွင်း ဓါးထောက်၍ အဓမ္မ ပြုကျင့်ခံရခြင်း ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ အဓမ္မ ပြုကျင့်ခံရသူသည် မြဝတီဘက်မှ
ပြန်လာပြီးနောက် တောင်ကြီးတက္ကသိုလ်တွင် Quarantine ဝင်ရောက်နေသည့်
ဟိုပုံးမြို့နယ်နေ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးဖြစ်ကာ Quarantine Center ရှိ အခန်းအတွင်း ဘုရား ဝတ်ပြုနေစဉ် အမည်မသိ အမျိုးသားမှ အခန်းတွင်းသို့
ရောက်ရှိလာပြီး အသင့်ယူဆောင် လာသော ဓားဖြင့် လည်းပင်းအား ထောက်၍ “မအော်နဲ့
တိတ်တိတ်နေ”ဟု ပြောကာ အလိုမတူဘဲ အဓမ္မ ပြုကျင့်၍ “ အော်လျှင် သတ်ပစ်” မည်ဟု
ခြိမ်းခြောက် ပြောဆိုကာ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.