စုလှိုင်၊ နန်းဝင်းရီ
.
တာချီလိတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြေယာအငြင်းပွားမှုများနှင့်
ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် အား မလိုက်နာသည့်အတွက် ဆိုကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အား နစ်နာ သူက ယနေ့ ဇန်နဝါရီလ ၂၈ ရက်တွင် တောင်ကြီးမြို့မရဲစခန်း၌
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို
အကာအကွယ်ပေးရေးဥပဒေဖြင့် အရေးယူပေးရန် တိုင်တန်းခဲ့ကြောင်း သိရသည်။
.
.“စခန်းက စိစစ်မယ်။ တိုင်စာကို လက်ခံပေးတယ်။ အမှုတော့
မဖွင့်သေးဘူး။ အမှုဖွင့်/မဖွင့်ဆိုတာ အကြောင်းပြန်မယ်။ ဒီအမှုက ၂၀၁၀ ခုနှစ်မှာ စဖြစ်တာပါ။
မြေယာအငြင်းပွားမှုဖြစ်ပါတယ်” ဟု အမှုဖွင့်တိုင်တန်းသူ၏ ဥပဒေအကြံပေး ဦးသိန်းဝင်းက ပြောသည်။
.
ရှမ်းပြည်နယ်ဝန်ကြီးချုပ် သည် တောင်ကြီးမြို့တွင်
နေထိုင်သည့်အတွက် စီရင်ပိုင်ခွင့်ရှိသော တောင်ကြီးမြို့မရဲစခန်း တွင် လာရောက်အမှုဖွင့်တိုင်ကြားခြင်းဖြစ်ပြီး
၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ အောင်မြင်မည်ဟု ယုံကြည်ကြောင်း ၎င်းက
ဆက်လက်ပြောဆိုခဲ့သည်။
.
တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊
လွယ်စတုံကျေးရွာအနီး၊ ကွင်းအမှတ် (၈၅၃၆) ပေါ်ရှိ ဒေါ်နန်းခမ်းတစ်ပ် ပိုင်ဆိုင်သော
မြေလွတ် မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်ခွင့်ရ မြေယာ ၉၃ ဒသမ ၁၉ ဧက အား
ထွေအုပ်နှင့် မြေစာရင်းဌာန ဝန်ထမ်းများက အဂတိလိုက်စား၍
မြေကွက်ရောင်းချထားသည့်ကိစ္စနှင့် ပတ်သက်၍ နစ်နာသူက နိုင်ငံတော်သမ္မတရုံးသို့
တင်ပြတိုင်ကြားခဲ့ရာတွင် မြေပိုင်ရှင်၏ နစ်နာဆုံးရှုံးမှုများအား ဥပဒေ လုပ်ထုံး
လုပ်နည်းနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတရုံးမှ ရှမ်းပြည်နယ်အစိုးရထံသို့
ညွှန်ကြားလာမှုကို လိုက်နာခြင်းမရှိဘဲ ဥပဒေနှင့် ဆန့်ကျင်ကာ ယင်းမြေနေရာကို
မြေကွက်ရိုက်၍ လ/န (၃၉) ထုတ်ကာ ရောင်းစားခြင်း၊ ဒေါ်နန်းခမ်းတစ်ပ် ပိုင်ဆိုင်သော
ငါးမွေးမြူရေးကန် ၃၆ ကန်အပါ စိုက်ပျိုးမွေးမြူရေးမြေဧရိယာများကို အငှားချထား
ခြင်း၊ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးမှုမရှိခြင်းတို့ကြောင့် ဟုဆိုကာ နစ်နာသူ
ကိုယ်စား ဦးစိုင်းဆမ် ဆိုသူက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကို အမှုဖွင့်တိုင်ကြားခြင်းဖြစ်ကြောင်း
သိရသည်။
.
“နိုင်ငံတော်သမ္မတရုံး၊ ပြန်ကြားရေးဌာနကြီးက ကာယကံရှင်ရဲ့
နစ်နာဆုံးရှုံးမှုကို ဖြေရှင်းဆောင်ရွက်ပေးဖို့ ညွှန်ကြား ထားတယ်။ သို့သော် အခုချိန်ထိ
မဖြေရှင်းပေးတဲ့အပြင် ခြံမှာနေထိုင်ကြတဲ့ ကျွန်တော်တို့ကို တရားစွဲတယ်။ မောင်းထုတ်ခံရတယ်။
ခြိမ်းခြောက်ခံရတယ်။ နိုင်ငံတော်သမ္မတက ညွှန်ကြားတာတောင်မှ ရှမ်းပြည်နယ်အစိုးရက မလိုက်နာဘူး၊
မဆောင်ရွက်ဘူး။ ကျွန်တော်တို့ ပြည်သူတွေက ဘယ်သူ့ကို ယုံကြည်အားကိုးရတော့မလဲ။ နိုင်ငံတော်
သမ္မတထက် ရှမ်းပြည်နယ်အစိုးရက ကြီးနေသလား။ ရှေ့ဆက်တော့ အများကြီး မျှော်လင့်ထားပါတယ်။
ဘာဖြစ်လာ မလဲဆိုတာတော့ ဥပဒေအရ စကားပြောသွားရမှာပေါ့” ဟု ယင်းခြံတွင် တာဝန်ခံမန်နေဂျာအဖြစ်
လုပ်ကိုင်နေသူ ဦးယောရှုကလည်း ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းမှူး
ဒုရဲမှူး ထက်နိုင်ဟိန်းက “တိုင်ကြားစာကိုတော့ လက်ခံထား ပါတယ်။ အကြီးအကဲဖြစ်နေတဲ့အတွက်
ပြစ်မှုဆိုင်ရာ လုပ်လို့မရဘူး။ သက်ဆိုင်ရာတွေကို ခွင့်ပြုမိန့် တောင်းယူဖို့ ရှိတယ်။
လာတိုင်တဲ့သူကိုလည်း ရက် ၃၀ အတွင်း အကြောင်းပြန်ကြားပေးရမယ်။ လုပ်ထုံးလုပ်နည်းအရပဲ
လုပ်မှာပါ” ဟု ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ အမှုဖွင့်တိုင်ကြားမှုနှင့် ပတ်သက်၍
အမှုဖွင့်လှစ်ခွင့် မရရှိပါက တရားစီရင်ရေးအာဏာဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
တိုင်ကြားသူများက ပြောဆိုခဲ့သည်။
.