ရဲမင်းပိုင် (ပင်လောင်း)
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊
ကောက်လှိုင်းကျေးရွာတွင် ဆောင်းသီးနှံအဖြစ် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော ခရမ်းချဉ်သီးများ
ဖြစ်ထွန်းအောင်မြင်လျက်ရှိသော်လည်း တင်ပို့ရောင်းချရန် ခက်ခဲနေကြောင်း သိရသည်။
.
.အဆိုပါ ကောက်လှိုင်းကျေးရွာတွင် ဆောင်းသီးနှံအဖြစ်
ခရမ်းချဉ်သီးနှင့် ပဲအမျိုးမျိုးတို့ကို ရေထွက်များအနီး၌ ရေသွင်း၍ တစ်ပိုင်တစ်နိုင်
စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။
.
“ပြီးခဲ့တဲ့နှစ်တွေက ဆောင်းရာသီမှာ
ခရမ်းချဉ်သီးတွေကို မစိုက်ဖူးဘူး။ အခုနှစ်မှ စမ်းစိုက်ကြည့်တာ။ အခုချိန်မှာက
ခရမ်းချဉ်သီးတွေ ဈေးကောင်းမရဘူး။ သယ်ယူစရိတ်တွေလည်း မြင့်မားတဲ့အတွက်ကြောင့်
တစ်ဆင့်ခံပွဲစားတွေကိုပဲ အားထားပြီးရောင်းချနေရတယ်။ အခုဆောင်းရာသီ က စမ်းစိုက်တဲ့
ခရမ်းချဉ်ပင်တွေ အောင်မြင်ဖြစ်ထွန်းပေမဲ့ အသီးသီးပြီး ခူးဆွတ်ချိန်မှာ
ဈေးကောင်းမျှော်လင့်ရပါတယ်” ဟု ခရမ်းချဉ်စိုက်တောင်သူတစ်ဦးက ပြောသည်။
.
အဆိုပါ စိုက်ပျိုးထွက်ရှိသည့် သီးနှံများကို
ပင်လောင်းမြို့နယ်အတွင်းရှိ ဈေးများအပြင် အောင်ပန်းမြို့အထိ သယ်ယူပြီး ရောင်းချကြရပြီး သီးနှံများအောင်မြင်ဖြစ်ထွန်းသော်လည်း
မြို့ကြီးများသို့ တင်ပို့ရန် အခက်အခဲရှိသောကြောင့် ဈေးကောင်းရရှိရန်
မျှော်လင့်နေရကြောင်း တောင်သူများထံမှ သိရသည်။
.