စုလှိုင်
.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊
တောင်ရှည်ကျေးရွာအုပ်စု၊ တံတားကြီးကျေးရွာ သွားလမ်းတွင် ယမန်နေ့ ဇန်နဝါရီလ ၆ ရက်က အမျိုးသမီးတစ်ဦး
ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
“မနေ့က သေဆုံးတာပါ” ဟု ပင်းတယမြို့မရဲစခန်းမှူး ရဲအုပ်သက်ဆွေက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
သေဆုံးသူသည် ပင်းတယမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊
တံတားကြီးကျေးရွာနေ မသန်းလှိုင် (၂၈ နှစ်) ဆိုသူ ဖြစ်ပြီး ၎င်း၏ အမျိုးသားသည် မူးယစ်ဆေးဝါးမှုဖြင့်
အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ကျခံနေရသူဖြစ်ကာ ဇန်နဝါရီလ ၄ ရက် ညပိုင်းက ကျေးရွာအတွင်း
သွားရောက်လည်ပတ်ရန် နေအိမ်မှ ထွက်ခွာ သွားပြီးနောက် ပြန်လည်ရောက်ရှိ လာခြင်း မရှိဘဲ
ဇန်နဝါရီလ ၆ ရက် ညနေပိုင်းတွင် ကြိုးဆွဲချသေဆုံးနေသည်ကို အမျိုးသားတစ်ဦးက တွေ့ရှိသဖြင့်
သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်
.
အဆိုပါ အမျိုးသမီး သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း
သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် ပင်းတယမြို့မ ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ်
(၁/၂၀၂၁) ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.