□ စုလှိုင်
.
ကလောမြို့နယ်၊ မြင်းကကျေးရွာနှင့် ပိန္နဲပင်ကျေးရွာမှ လိမ္မော်သီးစိုက် တောင်သူများ လိမ္မော် ဈေးကောင်း မရသဖြင့် အဆင်မပြေ ဖြစ်ပေါ်နေကြောင်း သိရသည်။
.
“ဒီနှစ် ဈေး မကောင်းဘူး။ ကပ်ရောဂါကြောင့် ပွဲစားတွေ အဝယ်နည်းလို့ အရောင်းအဝယ် မကောင်းဘူး။ လိမ္မော်သီးကို သေတ္တာနဲ့ ရိုက်ပြီး ရောင်းတယ်။ ပျှမ်းမျှ တစ်သေတ္တာကို အရင်နှစ်က ၁၀၀၀၀ ကနေ ၁၅၀၀၀ အထိ ရတယ်။ ဒီနှစ် မရဘူး။ အထွက်လည်း နည်းတယ်” ဟု ကလောမြို့နယ်၊ ပိန္နဲပင်ကျေးရွာမှ လိမ္မော်သီး စိုက်ပျိုးသူ ဦးမောင်ဌေး က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လိမ္မော်သီး ရောင်းချရာတွင် အကြီး၊ အလတ် နှင့်အသေး ဟူ၍ ခွဲခြား ရောင်းချကာ ယခင် နှစ်များတွင် လိမ္မော် အကြီး တစ်ပိဿာလျှင် ၉၀၀ မှ ၁၀၀၀ ကျပ်ကြားရရှိပြီး အလတ် တစ်ပိဿာလျှင် ၇၀၀ မှ ၈၀၀ကျပ်နှင့် အသေး တစ်ပိဿာ လျှင် ၄၀၀ မှ ၅၀၀ ကျပ် ရရှိခဲ့ကြောင်း ၎င်းထံမှ သိရသည်။
.
“ လူတွေ ဝယ်စားကြတော့ စျေးအရမ်းကြီးတယ်ပြောကြတယ်။ ကျွန်တော်တို့ သွားရောင်းတော့ စျေးမကောင်းဘူး။ အရှုံးပေါ်ကြတယ်။ မြေသြဇာ၊ ဆေး တွေကလည်း စျေးတွေက မြင့်တယ်။ ပြန်ရောင်းတော့ စျေးနှိမ်တယ်။ အလေးချိန် စကားပြောရတယ်။ ကတ္တားတွေမှာလည်း ကွာတယ်။ အလေးချိန် တိတိကျကျ မရှိဘူး။ တခြား ကုန်စိမ်းတွေလည်း သွားရောင်းရင် ကတ္တားက တစ်မျိုး။ ပြန်ရောင်းရင် ကတ္တားက တစ်မျိုး။ သိနေလည်း တစ်ဦးတစ်ယောက်တည်း ပြောလို့ မရဘူး။ အခုလိုမျိုး အချိန်က ပိုသိသာတယ်။ စျေးကွက်မရဘူး။အလေးချိန်က မမှန်ဘူး။ ”ဟု မြင်းက ကျေးရွာ မှလိမ္မော်စိုက်ပျိုးသူ ဦးစိုးဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လိမ္မော်သီး စျေး မရရှိသဖြင့် စိုက်ပျိုးစရိတ် ၊ မြေသြဇာ၊ ပိုးသတ်ဆေးနှင့် လိမ္မော်သီး ခူးဆွတ်ချိန် အလုပ်သမား ငှားရမ်းခ၊ လိမ္မော်သီး ထုတ်ပိုးရောင်းချရာတွင်အသုံးပြုသည့် စက္ကူ နှင့် သေတ္တာ များ ပြန်လည်တွက်ချက်ကြည့်ပါက အဆင်မပြေကြောင်း ရောင်းချရာတွင် အောင်ပန်းမြို့ တစ်ခုတည်းကို အားကိုး၍ ရောင်းချရပြီး ဖုန်းဖြင့် ဆက်သွယ်ကာ အလုပ်လုပ်ကြသည်ဖြစ်၍ ပွဲရုံများမှ စျေးကစားကြကြောင်း ၎င်း ထံမှ သိရသည်။
.
“၁ ပိဿာမှ ၅၀၀ ၊ ၆၀၀ ဆိုတော့ အဆင်မပြေဘူး။ လာလည်တဲ့သူတွေ ခြံထဲမှာ လိုက်ခူး တစ်လုံး ၁၀၀ ဆိုပြီးပဲ ရောင်းလိုက်တော့တယ်။ သူတို့အတွက်လည်း တန်တယ်လေ ။ အောင်ပန်းသွားရောင်းတာနဲ့ ယှဉ်ရင် တော်သေးတယ်။အစောပိုင်းက တစ်သေတ္တာကို ၅၀၀၀ ပဲရတယ်။”ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်၊။
.
ကလောမြို့နယ်တွင် လိမ္မော် အပါအဝင် သစ်သီးပင် စိုက်ဧကပေါင်း ၁၅၀၀ ကျော် ရှိပြီး တစ်ရာသီလျှင် ပိဿာချိန်ပေါင်း ၈၈၆၈၃၀၀ ခန့်ထိ ထွက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
.