□ ငြိမ်းသူ
.
ကွန်ဟိန်းမြို့နယ် အတွင်းရှိ ကျေးရွာ ၈ ရွာကို တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် လျှပ်စစ်မီး ရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဂျာမန်ဖွံ့ဖြိုးရေးဘဏ်(KfW) နှင့် ကျေးရွာပြည်သူများ၏ ပူးပေါင်းထည့်ဝင်ငွေများဖြင့်ဆောင်ရွက်လျက်ရှိကြောင်း ကွန်ဟိန်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။
.
အဆိုပါ တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးမည့် ကျေးရွာ ၈ ရွာမှာ ဆိုင်းမွန်၊ ဆိုင်းခေါင်(မြောက်)၊ လုံယန်း၊ နမ်းမော်တောင်း၊ ဟောင်လစ်၊ ဝိန်းဖွီး၊ နမ့်ပါမန်း၊ ဝမ်မိုင်ကျေးရွာတို့ ဖြစ်ပြီး ယင်းကျေးရွာများတွင် တစ်အိမ်သုံး ၆၀ ဝပ်ဆိုလာ ၄၅၈ စုံ၊ ၁၀၀ ဝပ် ဆိုလာ ၁၄ စုံ၊ လမ်းမီးတိုင် ၅၀ စုံ၊ စာသင်ကျောင်းအတွက် ၈ စုံ၊ ဘာသာရေး အဆောက်အဦအတွက် ၁၁ စုံ တပ်ဆင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် ဆိုင်းမွန်၊ ဆိုင်းခေါင်(မြောက်)၊ လုံယန်း ကျေးရွာ ၄ ရွာတွင် ဆိုလာတပ်ဆင်မှု ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကာ ကျန် ၄ ရွာသို့လည်း ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိနေပြီဖြစ်ကာ ဆက်လက် တပ်ဆင် ဆောင်ရွက်နေကြောင်းလည်း သိရသည်။
.
ယင်း တစ်အိမ်သုံး ဆိုလာများကို ဒေသခံများက မိမိပိုင်ပစ္စည်းကဲ့သို့ စနစ်တကျ ကိုင်တွယ် အသုံးပြုစေရန် ရည်ရွယ်၍ ဝပ် ၆၀ ဆိုလာ စနစ်အတွက် ငွေကျပ် ၅၀၀၀၀ နှင့်ဝပ် ၁၀၀ ဆိုလာစနစ်အတွက် ငွေကျပ် ၁၅၀၀၀၀ ကို အချိုးကျ အရစ်ကျစနစ်ဖြင့် ၂ ကြိမ်ခွဲ၍ ထည့်ဝင်ရမည် ဖြစ်ပြီး ဆိုလာစနစ် တစ်စုံစာအတွက် ကျန်ရှိသည့် တန်ဖိုးကို စီမံကိန်းရန်ပုံငွေမှ ကျခံပေးမည်ဖြစ်ကာ အများပြည်သူပိုင် အဆောက်အဦများ ဖြစ်သည့် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးကျောင်းနှင့် လမ်းမီးတိုင်များကို စီမံကိန်းရန်ပုံငွေမှ ရာနှုန်းပြည့် အခမဲ့ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ကွန်ဟိန်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ဆူး၏ ပြောဆိုချက်အရ သိရသည်။