မင်းဇော်မင်း
.
ကျောက်မဲခရိုင်၊
နမ္မတူမြို့နယ်၊ ပန်ချင်ကျေးရွာအုပ်စု၊ ညောင်းဆွယ်၊ နားမတ်၊ ဟွေဟုန်းကျေးရွာများအနီးတွင်
RCSS နှင့် TNLA
တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် တိုက်ပွဲရှောင် ၅၆၀ ကျော် နမ္မတူမြို့မှ
အရှေ့ဘက် မိုင် ၃၀ ခန့် အကွာရှိ နားဆိုင်းကျေးရွာတွင် တိုက်ပွဲရှောင် ရောက်ရှိနေပြီး
မြို့ဘက်သို့ မလာနိုင်ဘဲ ပိတ်မိနေကြောင်း သိရသည်။
.
.
ယနေ့ ဇန်နဝါရီလ
၅ ရက်၊ နံနက် ၆ နာရီခွဲခန့်ကတည်းက နှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့ရာ နံနက်
၉ နာရီတွင် လက်နက်ငယ် ထိမှန်မှုကြောင့် အသက် ၅၂ နှစ်အရွယ် ဦးအိုက်ငို့ သေဆုံးခဲ့ပြီး
ညောင်ဆွယ်နှင့် မိုင်းဟုန်းကျေးရွာ အကြားတွင် လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ညောင်ဆွယ်ကျေးရွာမှ
ဦးအောင်မြတ်၊ ဒေါ်အေးအမ်၏ နေအိမ် မီးလောင် ပျက်စီးခဲ့ကာ ငွေသား ၂၆ သိန်းအပြင် ကျပ်သိန်း
၃၀၀ ခန့် ဆုံးရှုံးခဲ့ကြောင်း နမ္မတူမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးဝင်းကို ထံက
သိရသည်။
.
“နားဆိုင်းဘက်ကို
အန္တရာယ်ရှိလို့ မလာကြဖို့ ပြောတယ်။ သူတို့ ၅၀၀ ကျော်ကို သွားခေါ်ဖို့ မလွယ်ဘူးဖြစ်နေတယ်။
လားရှိုးက လာရင်တောင် မန်စံဘက်က မလာနိုင်ဘဲ သီပေါဘက်က ပတ်လာနေရတယ်။ မန်စံမြောက်ကျောင်းမှာလည်း
၂၇၀ လောက် ရောက်နေပြီ။ သူတို့ကို သွားခေါ်ဖို့ ကြက်ခြေနီအလံလွှင့်ပြီး သွားခေါ်ဖို့
ကြိုးစားနေတယ်” ဟု ဦးဝင်းကို က ပြောသည်။
.
သေဆုံးသူ
ဦးအိုက်ငို့မှာ နံနက် ၉ နာရီခန့်က သေနတ်သံများ ငြိမ်သက်သွားသဖြင့် ထွက်ကြည့်ရာမှ ကျည်ထိမှန်
သေဆုံးခြင်းဖြစ်ပြီး ၎င်းတွင် သားတစ်ဦး၊ သမီးတစ်ဦး ရှိကြောင်းနှင့် အလောင်းမှာ ရွာတွင်း၌သာ
ရှိသေးကြောင်း သိရသည်။
.
ပြီးခဲ့သည့်
ဇန်နဝါရီလ ၂ ရက်ကလည်း ပန်ချင်ကျေးရွာတွင် လက်နက်ကြီးကျည် ၆ လုံးကျရောက်ခဲ့ကာ နေအိမ်
တစ်လုံးနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတို့ ထိမှန်ခဲ့ပြီးနောက် တိုက်ပွဲများ
ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည်။
.
ဓါတ်ပုံ
- ဦးဝင်းကို
.