တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ နောင်အင်ဘောလုံးကွင်း အတွင်း ပြုလုပ်နေသည့် တပ်မတော် ထောက်ခံပွဲ အနီးသို့ NLD ပါတီအလံ ကိုင်ဆောင်၍ သွားရောက်ခဲ့သဖြင့် ထိန်းသိမ်း ဖမ်းဆီး ခံခဲ့ရသော ဒေးဗစ်ရှမ်းလေး အပါအဝင် လူငယ် ၃ ဦးသည် ယနေ့ ဇန်နဝါရီလ ၂၂ ရက်၊ ညနေပိုင်းတွင် အာမခံ ရရှိခဲ့ကြောင်း သိရသည်။
.
" လက်ရှိတော့ ကျွန်တော်တို့ကို အာမခံ ပေးထားတယ်။ ငြိမ်းစုစီ ၁၉ နဲ့ပဲ အမှုဖွင့်ထားတယ်ဗျ။ အင်္ဂါ သို့မဟုတ် ဗုဒ္ဓဟူးနေ့တော့ တရားရုံး တင်မယ်လို့ ပြောတယ်ဗျ။ ကျွန်တော်တို့ အခုပဲ အိမ် ပြန်ရောက်ပါပြီ။ သူတို့(ရဲတပ်ဖွဲ့) ကတော့ ဘာမှ မပြောဘူး၊ အဲကိစ္စနဲ့ ပတ်သက်ပြီး သူတို့မှာလည်း တချို့အပိုင်းတွေမှာ ဖိအား ရှိရင် ရှိမယ်လို့ ထင်တယ်ဗျ၊ အဲဒါကြောင့်မို့ ကျွန်တော်တို့ကို မဖြစ်မနေ အမှု ဖွင့်လိုက်ရတာလို့ ထင်တယ်။ "ဟု အမှုဖွင့် အရေးယူခံရသူ ဒေးဗစ်ရှမ်းလေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်က ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၃၈) ဖြင့် ပြဌာန်းခဲ့သည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ၊ အခန်း (၇) ပုဒ်မ ၁၉ တွင် မည်သူမဆို သက်ဆိုင်ရာသို့ အသိပေးတင်ပြခြင်းမရှိဘဲ စုဝေးခြင်း သို့မဟုတ် စီတန်းလှည့်လည်ခြင်း ပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၃ လထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ၃၀၀၀၀ ကျပ်ထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်း ဖော်ပြထားသည်။
.
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသော တပ်မတော်အား ကြိုဆိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဆန္ဒထုတ်ဖော်သူ ၂၉ ဦး၊ ဝန်းရံသူ ၂၀၀ ဦးကျော်ခန့်မှ ယနေ့ ဇန်နဝါရီလ ၂၂ ရက်က အေးသာယာမြို့၊ နောင်အင် ဘောလုံးကွင်းအတွင်း၌ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါထောက်ခံပွဲ အနီးသို့ ယင်းလူငယ် ၃ ဦးက NLD အလံ ကိုင်ဆောင်၍ သွားရောက်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။