ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ နောင်အင်ဘောလုံးကွင်းအတွင်း
ပြုလုပ်ခဲ့သည့် တပ်မတော် ထောက်ခံပွဲသို့ NLD အလံ ကိုင်ဆောင်၍
လာရောက်ခဲ့သူ အမျိုးသားတစ်ဦးနှင့် အတူပါလာသူ အမျိုးသား ၂ ဦး၊ စုစုပေါင်း ၃ ဦးတို့ကို
ရဲတပ်ဖွဲ့မှ ခေါ်ယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.
.နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်နေသော
တပ်မတော်အား ကြိုဆိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ ဇန်နဝါရီလ ၂၂ ရက်က အေးသာယာမြို့၊
နောင်အင်ဘောလုံးကွင်းအတွင်း၌ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါထောက်ခံပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
(NLD) ထောက်ခံသူ လူငယ်တစ်ဦးက NLD အလံ ကိုင်ဆောင်၍
လာရောက်ခဲ့ခြင်းဖြစ်သည်။
.
“ကျွန်တော်တို့က ဘယ်သူ့ခိုင်းစေချက်မှ မပါဘဲ
လာတာ။ သူတို့ကလည်း သူတို့ တပ်မတော် ထောက်ခံတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ NLD
ကို ထောက်ခံတယ်။ ကျွန်တော်တို့ ယုံကြည်မှုနဲ့ ကျွန်တော်တို့ လာတာ။
မဲလိမ်တယ် မဲခိုးတယ်ဆိုတာ သက်သေနဲ့ တင်ပေါ့။ ၅ နှစ်လုံးလုံး ပျောက်နေပြီး
ရွေးကောက်ပွဲပြီးမှ ပြည်သူအတွက် ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့
နှစ်ပေါင်းများစွာ ပညာရေးစနစ်တွေ ရိုက်ချိုးခံထားရတာ။ ပါတီဝင်တွေ မဟုတ်ဘူး။
ကျွန်တော်တို့ ယုံကြည်တာကို ရဲရဲဝံ့ဝံ့ ထောက်ခံတာပါ” ဟု NLD အလံ
ကိုင်ဆောင်ခဲ့သူ ဒေးဗစ်ရှမ်းလေး က ပြောသည်။
.
ယင်းကဲ့သို့ NLD အလံ ကိုင်ဆောင်မှုနှင့်
ပတ်သက်၍ ဆန္ဒထုတ်ဖော်ပွဲ စီစဉ်သူများနှင့် ယင်းလူငယ်အကြား အချင်း များမှု ဖြစ်ပွားခဲ့ပြီး
အလံကိုင်ဆောင်သူ ဒေးဗစ်ချမ်းလင်းနှင့် အတူပါလာသူ ၂ ဦး၊ စုစုပေါင်း ၃ ဦးတို့ကို ရဲတပ်ဖွဲ့က
အေးသာယာနယ်မြေ ရဲစခန်းသို့ ထိန်းသိမ်းခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လူငယ်များ ခေါ်ဆောင်ခံရမှု
အခြေအနေနှင့် ပတ်သက်၍ သိရှိနိုင်ရန် အေးသာယာနယ်မြေရဲစခန်းမှ တာဝန်ရှိသူများကို
ကမ္ဘောဇတိုင်းက တွေ့ဆုံမေးမြန်းခွင့် ရနိုင်ရေး ကြိုးပမ်းနေသော်လည်း
လက်ရှိအချိန်ထိ တွေ့ဆုံခွင့် မရသေးချေ။
.