အောင်ဆန်းဝင်း
.
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ (NLD)
မှ တာဝန်ပေးအပ်လာပါက ကူညီဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
(SNLD) အတွင်းရေးမှူး (၂) စိုင်းကျော်ညွန့်က ပြောဆိုခဲ့သည်။
.
.
SNLD ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇန်နဝါရီလ ၁၅ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးမြို့ရှိ NLD
ပါတီရုံးတွင် ဒေါက်တာအောင်မိုးညို ဦးဆောင်သော NLD တွေ့ဆုံဆွေးနွေးရေး အဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံပွဲအပြီးတွင်
စိုင်းကျော်ညွန့်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
“မည်သည့်အဖွဲ့အစည်းမဆို ကျွန်တော်တို့က လက်တွဲသွားမှာပါ။
လက်တွဲပူးပေါင်း ဆောင်ရွက်မယ့် အတိုင်းအတာ ကတော့ အခြေအနေပေါ် မူတည်ပြီး အနည်းငယ် ကွဲပြားလိမ့်မယ်။
၂၀၁၅ တုန်းက NLD ကိုယ်တိုင်က ကျွန်တော်တို့ကို ကမ်းလှမ်းခဲ့တာရှိတယ်။
ကျွန်တော်တို့က ပါတီတည်ဆောက်ရေးကို လုပ်နေရတဲ့အတွက် အဲဒီအချိန်မှာ NLD ကို မကူညီခဲ့နိုင်ဘူး။ ဒီတစ်ခေါက်ကတော့ ကျွန်တော်တို့ကို တာဝန်ပေးအပ်လာမယ်ဆိုရင်
ကူညီဆောင်ရွက်သွားဖို့ အဆင်သင့်ရှိပါတယ်။ ကျွန်တော်တို့က နှစ်ပေါင်းများစွာ အတူလက်တွဲလုပ်လာခဲ့တဲ့
အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ သာ နည်းနည်း ခပ်ခွာခွာနေသလို
ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ဘက်ပါတီရဲ့ ရည်ရွယ်ချက်တွေကတော့ အရမ်းကြီး ကွဲပြားမှာ
မဟုတ်ပါဘူး” ဟု စိုင်းကျော်ညွန့်က ပြောသည်။
.
ဒေါက်တာ အောင်မိုးညို ဦးစီးသော NLD တွေ့ဆုံဆွေးနွေးရေးအဖွဲ့သည် တောင်ကြီးမြို့ရှိ NLD ပါတီ
ရှမ်းပြည်နယ် ရုံးတွင် ဒေသခံ တိုင်းရင်းသားပါတီများနှင့် တစ်ပါတီချင်း သီးခြားစီ ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး
တအာင်း (ပလောင်) အမျိုးသားပါတီ (TNP)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ
(PNO)၊ ကယန်းအမျိုးသားပါတီ (KNP)၊ လားဟူအမျိုးသား
ဖွံ့ဖြိုးတိုးတက်ရေးပါတီ (NLDP)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
(SNDP)၊ “ဝ” အမျိုးသားပါတီ (WNP)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီများမှ
ကိုယ်စားလှယ်အဖွဲ့များအပြင် ရှမ်းပြည်နယ်လွှတ်တော် ကချင် တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်နေရာ
အနိုင်ရ တစ်သီးပုဂ္ဂလတစ်ဦးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။
.
“ကျွန်တော်တို့နိုင်ငံမှာ ပါတီတွေ တစ်ခုတည်းမဟုတ်ဘူး။
တိုင်းရင်းသားလက်နက် ကိုင်တွေရှိတယ်။ CSO တွေရှိတယ်။ အဲဒီအင်အားစုတွေကို
စုစည်းပြီး အတူတကွ လက်တွဲအလုပ်လုပ်နိုင်မယ့် လမ်း တစ်ခု ဖောက်နိုင်မယ်ဆိုရင် လာမယ့်
၅ နှစ်မှာ အရင် ၅ နှစ်ထက် ပိုပြီးတော့ ခရီးရောက်မယ်လို့ ထင်ပါတယ်။ လွှမ်းခြုံပြီးပြောရရင်
အင်မတန်ကောင်းမွန်တဲ့ တွေ့ဆုံမှုလို့ ပြောလို့ရပါတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့
တခြား ကိစ္စတွေမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မယ် ဆိုတာ အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်”
ဟု စိုင်းကျော်ညွန့်က ဆက်လက်ပြောဆိုခဲ့သည်။
.
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
(SNLD) သည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင်
ရှမ်းပြည်နယ်အတွင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၁၃ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်
၂ နေရာနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၂၆ နေရာ အနိုင်ရရှိထားပြီး ရှမ်းလွှတ်တော်တွင်
NLD ပါတီပြီးလျှင် ဒုတိယ အင်အားအကြီးဆုံးပါတီအဖြစ် ရပ်တည်နေသည်။
.