အောင်ဆန်းဝင်း
.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)နှင့် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားပါတီများ တွေ့ဆုံဆွေးနွေးမှု
အောင်မြင်ကြောင်း NLD ၏ တွေ့ဆုံဆွေးနွေးရေးအဖွဲ့ဝင်များက ပြောဆိုခဲ့သည်။
.
.“အားလုံး ရာနှုန်းပြည့်နီးပါး အောင်မြင်တယ်လို့ ပြောရမှာပေါ့။
ရှမ်းပြည်နယ်က ဒေသခံတိုင်းရင်းသားပါတီတွေနဲ့ တွေ့ဖို့လာတယ်။ တွေ့ခွင့်ရတယ်။ သူတို့
ဆန္ဒတွေ၊ တင်ပြလာတာတွေကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို စုစည်းပြီး တင်ပြမှာပါ။ SNLD
က ပြောသွားတဲ့အထဲမှာ ဒီမိုကရေစီအင်အားစု အားလုံးနဲ့ တွေ့စေချင်ပါတယ်လို့
ပြောပါတယ်။ အဲဒီအဖွဲ့တွေနဲ့ NLD နဲ့ တွေ့ဆုံဆွေးနွေးနိုင်မယ်
ဆိုရင် ပြည်ထောင်စုကြီးအတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ စည်းလုံး ညီညွတ်ရေးအတွက် ကောင်းပါတယ် လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးကို ဖော်ဆောင် မယ်ဆိုရင် ဒီအချိန်က အကောင်းဆုံးပါပဲ၊ NLD
က တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးနဲ့ စုပေါင်းပြီး ကြိုးစား မယ်ဆိုရင်
သေချာပေါက် အောင်မြင်မယ် လို့ပြောပါတယ်။ အစိုးရတာဝန်ကို ထမ်းဆောင်တဲ့နေရာပဲဖြစ်ဖြစ်၊
ဥပဒေ ပြုရေးမှာပဲ ဖြစ်ဖြစ် ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အတွက် ပြည်ထောင်စုမှာပဲဖြစ်ဖြစ်၊
ပြည်နယ်မှာပဲဖြစ်ဖြစ် သူတို့ကို နေရာပေးစေ ချင်တယ်လို့ ပြောသွားပါတယ်။ ရှမ်းပြည်နယ်ခရီးစဉ်ကတော့
အားလုံး အောင်မြင်ပါတယ်” ဟု တွေ့ဆုံဆွေးနွေးရေး အဖွဲ့ခေါင်းဆောင်၊ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ
အောင်မိုးညိုက ပြောဆိုခဲ့သည်။
.
NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်သော ကိုယ်စား
လှယ်အဖွဲ့သည် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများနှင့်
တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေ ခြင်းဖြစ်ပြီး ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကယားပြည်နယ်များသို့
သွားရောက်ခဲ့ပြီးနောက် စတုတ္ထမြောက်အဖြစ် ရှမ်းပြည်နယ်သို့ လာရောက်၍ ဒေသခံ တိုင်းရင်းသားပါတီများနှင့်
လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
NLD တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တွင် ဒေါက်တာအောင်မိုးညိုနှင့်အတူ
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆန်တို့
လိုက်ပါခဲ့ပြီး တောင်ကြီးမြို့ရှိ NLD ပါတီ ရှမ်းပြည်နယ်ရုံးတွင်
တအာင်း (ပလောင်) အမျိုးသားပါတီ (TNP)၊
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO)၊ ကယန်းအမျိုးသားပါတီ (KNP)၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP)၊
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ “ဝ”
အမျိုးသားပါတီ (WNP)၊
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) မှ
ကိုယ်စားလှယ်အဖွဲ့များအပြင် ရှမ်းပြည်နယ်လွှတ်တော် ကချင်
တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်နေရာ အနိုင်ရ တစ်သီးပုဂ္ဂလတစ်ဦးတို့နှင့်
တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အတူ NLD ပါတီ တွေ့ဆုံဆွေးနွေးရေး
အဖွဲ့ဝင်တစ်ဦးဖြစ်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံခါး နော်ဆန်ကလည်း “ရှမ်းပြည်မှာ
တိုင်းရင်းသားပါတီ တော်တော်များပါတယ်။ အဲဒီတိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ၊
သူတို့ရဲ့ သဘောထားကို ကြည့်လိုက်တဲ့အချိန်မှာ အင်မတန်ကောင်းတယ်။ ကျွန်တော်တို့နိုင်ငံကို
ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နေတယ်။ အဲဒီအပေါ်မှာ
အကုန်လုံးက သဘောတူတယ်၊ လက်တွဲ ဆောင်ရွက်မယ်လို့ ပြောကြတယ်။ SNLD နဲ့ တွေ့ဆုံတဲ့ အချိန်မှာလည်း သူတို့ပြောကြားချက်တွေ အင်မတန် ကောင်းတယ်။ ကျွန်တော်တို့
လုပ်ဆောင်နေတာကို သူတို့ကလည်း လက်တွဲမယ်၊ လိုအပ်တာကို ဝိုင်းဝန်းကူညီပေးမယ် ဆိုတဲ့
စကားသံတွေ ကြားရတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမှာ အင်မတန် အခြေခံ ကျတဲ့ ခံယူချက်
ဖြစ်တယ်။ ရှမ်းပြည်နယ်ခရီးစဉ်က အင်မတန် အောင်မြင်တယ်လို့ ပြောလို့ရပါတယ်” ဟု တွေ့ဆုံဆွေးနွေးပွဲများ
အပြီးတွင် သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်။
.
အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၂ ရက်က တိုင်းရင်းသား လူမျိုးစုများ၏
ဆန္ဒကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ခုသို့
အကြောင်း ကြားစာ ပေးပို့ခဲ့ပြီးနောက် တွေ့ဆုံဆွေးနွေးရေးအဖွဲ့ ဖွဲ့စည်းကာ ဒေသအလိုက်
တိုင်းရင်းသားပါတီများနှင့် လိုက်လံတွေ့ဆုံနေခြင်း ဖြစ်သည်။
.
ထိုသို့တွေ့ဆုံရာတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌
တွေ့ဆုံဆွေးနွေးမှု အောင်မြင်ခဲ့ပြီး မွန်ပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင်မူ နေရာရွေးချယ်မှုကို
အကြောင်းပြု၍ တွေ့ဆုံဆွေးနွေးပွဲ ပျက်ပြယ်ခဲ့ရကြောင်း သိရသည်။
.