.
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ကာ ပြဌာန်းထားသည့် ဥပဒေဘောင် အတွင်းမှသာ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်က ယနေ့ ဇန်နဝါရီလ ၃၀ ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။
.
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများကို ဇန်နဝါရီ လ ၂၇ ရက်တွင် တွေ့ဆုံ အမှာစကားပြောကြားစဉ် “ တပ်မတော်သည် လက်နက် ကိုင်ထားသော အဖွဲ့အစည်းဖြစ်သည့်အတွက် အခြေခံဥပဒေကို လိုက်နာရန် လိုအပ်ကြောင်း အပါအဝင် ဥပဒေကို မလေးစား၊ မလိုက်နာပါက အဆိုပါ ဥပဒေကို အသုံးပြုရန် မလိုအပ်တော့သဖြင့် ဖျက်ပစ်ရမည် ဖြစ်ကြောင်း” ပြောဆိုခဲ့ခြင်းမှာ သင်တန်းသား အရာရှိကြီးများအား အခြေခံဥပဒေ၏ သဘောသဘာဝကို နားလည် သဘောပေါက်စေရန် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောဆိုခဲ့မှု အပေါ် အချို့သော အဖွဲ့အစည်းများနှင့် မီဒီယာများက တပ်မတော်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်ပစ်လိမ့်မည်ဟု လိုရာစွဲ ပြောဆိုခြင်း၊ ရေးသားခြင်းများကို ပြုလုပ်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။
.
အဆိုပါ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အမှာစကား ပြောဆိုခဲ့သည့် အကြောင်းအရာများ ပါဝင်သော အကြောင်းအရာများကို တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က လူမှုကွန်ရက် (Facebook) တွင် ဇန်နဝါရီလ ၂၇ ရက် တစ်ရက်တည်း ရုပ်သံဖိုင် ၅ ကြိမ်နှင့် စာ/ပုံဖိုင် (သတင်း) ၈ ကြိမ်၊ စုစုပေါင်း ၁၃ ကြိမ် ထုတ်လွှင့်မှုများ ပြုလုပ်ခဲ့သည်။