.
လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၊ ကျေးရွာ ၁၁ ရွာအား လူထုဗဟိုပြုစီမံကိန်း (တတိယ)နှစ် စက်၀န်း အုပ်စုအဆင့် ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၇၅၀ ဖြင့်် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
.
မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၂၃ ရွာ တည်ရှိပြီး ယင်းအနက် ကျေးရွာပေါင်း ၁၁ ရွာအား လူထုဗဟိုပြုစီမံကိန်း (တတိယ) နှစ် စက်၀န်းတွင် ထောက်ပံ့ရံပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကာ အဆိုပါ ကျေးရွာများရှိ နေရာများအား ဇန်နဝါရီလ ၂၄ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
ယင်း ထောက်ပံ့ရန်ပုံငွေ ပေးအပ်သည့် အစည်းအဝေးတွင် မြို့နယ်လူထု ဗဟိုပြုစီမံကိန်းရုံးမှ နည်းပညာ အကြံပေးအဖွဲ့မှ စောင့်ကြည့်ကြီးကြပ်ရေး တာဝန်ခံ ဒေါ်သန္တာမြင့်မှ အုပ်စုအဆင့် ထောက်ပံ့ရန်ပုံငွေ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ ထောက်ပံ့ရန်ပုံငွေ လာရောက် ထုတ်ယူသော ကျေးရွာများအနေဖြင့် ကိုယ့်ကျေးရွာအလိုက် ရရှိသော ရန်ပုံငွေများအား စီမံကိန်း လမ်းညွှန်ချက်များနှင့်အညီ သုံးစွဲသွားရန်နှင့် လုပ်ငန်းသုံး ပစ္စည်းများ ဝယ်ယူရာတွင်လည်း အလေအလွင့် မရှိစေရန်အတွက် အကြံပြုဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
.
လူထုဗဟိုပြုစီမံကိန်း ဆိုသည်မှာ ကျေးလက် ဒေသရှိ ပြည်သူများ၏ လူနေမှု ဘဝများ တိုးတက် မြင့်မား လာစေရန်အတွက် အခြေခံ အဆောက်အအုံနှင့် ဝန်ဆောင်မှု လုပ်ငန်းများကို မြှင့်တင်ပေးရန်၊ အရေးပေါ် အခြေအနေများ ဖြစ်ပေါ်သည့်အခါ လျှင်မြန် ထိရောက်စွာ တုန့်ပြန် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်း ဖြစ်သည်။