မငြိမ်းချမ်းသေးသော လွတ်လပ်ရေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မငြိမ်းချမ်းသေးသော လွတ်လပ်ရေး

သစ်ခုတ်သမား တစ်ဦး

.

ယနေ့သည် မြန်မာနိုင်ငံ၏ ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရသော် ပင်လုံစိတ်ဓါတ်များ အရင်းတည်ကာ တိုင်းရင်းသား ပေါင်းစုံတို့ သွေးစည်း ညီညွတ်ခြင်းကြောင့် ဖြစ်ပေါ်လာခဲ့ရသည့် လွတ်လပ်ရေး ဖြစ်သည်။

.

လက်ရှိ ဒီမိုကရေစီကို ဖော်ဆောင်ရာတွင် အဓိက ထောက်တိုင် ၅ ခု ရှိရာ လွတ်လပ်ရေးသည် အဓိက အချက် ဖြစ်ပြီး လွတ်လပ်ရေး မရှိလျှင် ငြိမ်းချမ်းရေးလည်း မရှိနိုင်ဟု နိုင်ငံရေးသုခမိန်များက ဆိုထားသည်။ ထို့အတူ တရား မျှတမှု၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ ခွင့်တူညီမျှ ဖြစ်မှု၊ ဝါဒဖြူစင်မှု စသည့် ဒီမိုကရေစီ၏ အခြေခံများကို နိုင်ငံတော်သီချင်းတွင် အနှစ်သာရ ပြည့်ပြည့်၀၀ဖြင့် ထည့်သွင်းထားသည်။

.

လွန်ခဲ့သော ၇၃ နှစ်က နယ်ချဲ့များထံမှ လွတ်လပ်ရေးကို အသက်၊ ဘ၀ မြောက်များစွာ ရင်းနှီးရယူခဲ့ကြရသည်။ ယခုတွင်ရော အဆိုပါ လွတ်လပ်ရေးသည် တစ်ကယ့်အစစ်အမှန် လွတ်လပ်ရေး၏ အနှစ်သာရများကို တိုင်းရင်းသား အများပြည်သူအများ ခံစားရခွင့်ရသည့် လွတ်လပ်ရေး ဖြစ်ပါသလော။

.

လွတ်လပ်ရေးသည် တစ်ကယ့်အစစ်အမှန် လွတ်လပ်ရေး၏ အနှစ်သာရများကို တိုင်းရင်းသား အများပြည်သူအများ ခံစားရခွင့်ရသည့် လွတ်လပ်ရေး ဖြစ်ပါသလော။

.

ရှမ်းပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းများ၊ ရခိုင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်စခန်းများ စသည်တို့တွင် ရောက်ရှိ နေကြသည့် တိုင်းရင်းသား အများပြည်သူတို့အား လွတ်လပ်ရေး၏အဓိပ္ပါယ်ကို ခံစားချက်အတိုင်း ပြောပြပါလို့ မေးမြန်းကြည့်မိသည်။

.

အဘွား သက်တမ်းတစ်လျှောက် တိုက်ပွဲတွေ ဖြစ်လို့ ရှောင်ရတာ ဒီတစ်ခါ အကြောက်ဆုံးပဲ၊ ပစ်ခတ်နေကြတာ ရွာကလည်း ထွက်မရတုန်းက ဆိုရင် အရမ်းကြောက်ခဲ့တယ်၊ အမြဲတမ်းပဲ လက်နက်ကိုင်တွေ ရွာထဲလာပြီဆိုရင် အားလုံး ကြောက်ကြရတာ။” ဟု ကျောက်မဲမြို့ရှိ တိုက်ပွဲရှောင်စခန်း တစ်ခုရောက် အသက် ၆၈ နှစ်အရွယ် အဘွားက ပင့်သက်ရှိုက်မောဟန်နဲ့ ပြောသည်။

.

သူမ ငယ်စဉ်က လက်ဘက်ခင်းများ အတွင်း ကလေးတို့ဘာ၀ ပျော်မြူးခဲ့ကြပုံ၊ တစ်ရွာတည်းနေ သူငယ်ချင်း လက်ဘက်ခင်းအတွင်း မိုင်းထိ သေဆုံးခဲ့ရပုံတွေကို မျက်ရည် စမ်းစမ်းဖြင့် ပြောဆိုမှုက မြန်မာနိုင်ငံ၏ ပြည်တွင်း စစ်ရေး ပဋိပက္ခများကို မီးမောင်း ထိုးပြနေသည်။ တစ်ရေးနိုး ပစ်ခတ်သံများကြောင့် လိပ်ပြာ လန့်မတတ် ကြောက်လန့် ငိုကြွေးခဲ့ရမှုများသည် ယခုတိုင် ခံစားနေရဆဲဖြစ်သည်ဟု ဆိုသည်။

.

တစ်ရေးနိုး ပစ်ခတ်သံများကြောင့် လိပ်ပြာ လန့်မတတ် ကြောက်လန့် ငိုကြွေးခဲ့ရမှုများသည် ယခုတိုင် ခံစားနေရဆဲဖြစ်သည်ဟု ဆိုသည်။

.

လွတ်လပ်ရေးက ပြည်မမှာတော့ ရချင်ရလိမ့်မယ်၊ တောင်ပေါ် တိုင်းရင်းသား ဒေသတွေကတော့ ခုချိန်ထိ မရသေးဘူး၊ ခုလို တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ပစ်ခတ်နေကြတာတွေက ငြိမ်းချမ်းရေး မရှိတာကို ပြနေတာလေ၊ တိုင်းရင်းသား ညီအစ်ကိုတွေ အချင်းချင်း အားလုံး ငြိမ်းချမ်းစွာ အတူ နေထိုင်နိုင်ကြဖို့ ဆုတောင်းပါတယ်၊ အဆိုးထဲက အကောင်း ဆိုသလို ရပ်ဝေးရွာတွေက သက်ကြီး ရွယ်အိုတွေ စစ်ရှောင်လာတော့ သူတို့ကို ပြုစု ကူညီနိုင်တာက ကုသိုလ် ယူရတာပါပဲ၊ သူတို့ရဲ့ အပူတွေကို ခွဲဝေအေးချမ်းစေတာပေါ့လေ။” ဟု ကျောက်မဲမြို့ အိုမ်တမာဝ် လူမှုကူညီရေးအသင်းမှ မိုင်းစမဲရိုန်းက ပြောသည်။

.

ယင်းသို့ပင် စစ်ဘေးရှောင် ဒုက္ခသည် ၁၅၀၀ ခန့် ရှိနေသည့် ရခိုင်ပြည်နယ်၊ ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတွင် ဆန်ရိက္ခာ မရသဖြင့် အခက် တွေ့နေရသည်ကို ပြီးခဲ့သည့် ဒီဇင်ဘာလက စခန်းတာဝန်ခံ မောင်အေးသာက ပြောခဲ့ပြီး အမြန် အေးချမ်းစေချင်ကြောင်း ဆိုလာသည်။

.

ဇန်နဝါရီ၂ ရက်က နမ္မတူမြို့နယ်၊ ပန်ချင်ကျေးရွာ အတွင်းသို့ လက်နက်ကြီးကျည် ၅ လုံး ကျရောက်မှုကြောင့် လူဦးရေ ၂၀၀ ခန့် ညတွင်းချင်း ကြောက်လန့်တကြီး ပြေးလွှားခဲ့ကြသည်မှာ မန်စံစစ်ရှောင်စခန်းသို့ ၆၈ ဦးသာ ရောက်ရှိခဲ့ပြီး ကျန်သူများမှာ လားရှိုးကဲ့သို့သော ကျည်လွတ်ရာ နေရာများသို့ မိသားစု ကွဲတပြား စစ်ဘေးရှောင်ကြရသည်မှာ လက်ရှိ တိုင်းရင်းသားများ၏ မငြိမ်းချမ်းသော လွတ်လပ်ရေး အခြေအနေမှန် အရှိတရားပင် ဖြစ်သည်ဟု ဆိုချင်ပါသည်။

.

လွတ်လပ်ရေးကို မည်သို့သော သူများ လွတ်လပ်စွာ ခံစားနေကြရသနည်းဟု ဆန်းစစ်ပါက တိုင်းပြည်နှင့် လူမျိုးကို ထောက်ထား ငဲ့ညှာမှု မရှိသည့် အချို့သော အဖွဲ့အစည်းများကသာ သူတလူ ငါတမင်းနှင့် လွတ်လပ်ရေးရနေ ကြသည်ဟု ဆိုချင်ပါသည်။

.

၎င်းတို့တွင် လက်နက် ရှိသည်၊ လူအင်အား ရှိသည်၊ လူ မရှိလည်း အတင်းအဓမ္ မခြိမ်းခြောက်ခေါ်ယူ စုဆောင်းသည်၊ ငွေက အစ လူဖမ်းပြီး ခြိမ်းခြောက် တောင်းယူသည်။ ဤသို့သော အခြေအနေများက မည်သည့် လက်နက်ကိုင်ကို မဆို ကြောက်ရွံ့နေကြရပြီး ၎င်းတို့အချင်းချင်းန ယ်မြေလုသည့် တိုက်ပွဲများကြောင့် တိုက်ပွဲဖြစ်ပွားရာ ဒေသခံများ အနေဖြင့် လွတ်လပ်ရေး အပါအဝင် လူ့အခွင့်အရေးများကိုပါ ဆုံးရှုံးနေကြရသည်။

.

မည်သည့် အဖွဲ့အစည်းကိုမျှ တိုက်ရိုက် မဆိုလိုဘဲ အားလုံးကို လွှမ်းခြုံ၍သာ ဆိုလိုရင်း ဖြစ်၍ အနာရှိက စပ်ကြပါကုန်။

.

လူထုကို စည်းရုံးသိမ်းသွင်းရာတွင် ဘာသာရေးနှင့် လူမျိုးရေး လှုံ့ဆော်မှုများသည် အစွမ်းထက်ဆုံး ဖြစ်သည်ဟု နိုင်ငံရေးတွင် ဆိုစမှတ် ရှိသည်။ ထိုအရာများနှင့် လှုံ့ဆော်ကာ လက်နက်ကိုင်လမ်းစဉ်ကို ခိုင်မာတောင့်တင်းအောင် အကောင်အထည် ဖော်ပြသည်။ (မည်သည့် အဖွဲ့အစည်းကိုမျှ တိုက်ရိုက် မဆိုလိုဘဲ အားလုံးကို လွှမ်းခြုံ၍သာ ဆိုလိုရင်း ဖြစ်၍ အနာရှိက စပ်ကြပါကုန်။)၊ အမှန်တစ်ကယ်တော့ လူမျိုးရေး အကြောင်းပြကာ စီးပွားရေး အာဏာ တည်ဆောက်နေကြခြင်း ဖြစ်သည်။ သူတို့ ကိုယ်တိုင် ဥပဒေ ဖြစ်သဖြင့် အခြားသူများကို တောတွင်းဥပဒေဖြင့် နှိပ်ကွပ်သည်။ အရေးယူသည်။ သတ်ဖြတ်သည်။

.

ဒါက တောတွင်း ဥပဒေကျင့်သုံးသည့် ပမာပြ ဖြစ်သည်။ သူပုန်ကြီးလျှင် အစိုးရ ဖြစ်ရန် ကြိုးပမ်းသည်။ ငြိမ်းချမ်းနေသည် ဆိုသည့် ပြည်တွင်းနေရာများတွင်ရော၊ ငွေများ တရားနိုင်၊ နောက်ကွယ်မှ လက်မည်းကြီးများ၏ သြဇာများက လူ့အဖွဲ့အစည်းအတွင်း ထိရောက်ဆဲ ဖြစ်သည်ကို ခုချိန်ထိ နောက်ကွယ်မှ လက်သည် မပေါ်သေးသည့် လူသတ်မှုကြီးများက ထင်ရှားစေသည်။

.

သို့ဆိုလျှင် ဤသို့ ဖြစ်ရန်၊ ဖြစ်နေရန်၊ မည်သူတွေက ချယ်လှယ် လုပ်ဆောင်နေသနည်း၊ ရွေးကောက်ပွဲ မဲဖြင့် တက်လာသည့် အစိုးရပေလော၊ စစ်အာဏာရှင်များလော၊ အမျိုးသားရေး ဝါဒီများပေလော၊ သို့မဟုတ် မည်သူ များပေနည်း။ (တစ်ဦး တစ်ဖွဲ့တော့ ရှိနေနိုင်ပေမည်။) နယ်ချဲ့ဆိုသည့် တစ်ခေတ်တစ်ခါက စနစ်ဆိုးကို တော်လှန်ခဲ့ပြီး လွတ်လပ်ရေး ရခဲ့သည်ဆိုသော်လည်း ငြိမ်းချမ်းရေးကို အနှောက်အယှက် ပြုကာ လွတ်လပ်ရေးကို ထိပါးစေသည့် အခြေအနေများကို မည်သူက ဖန်တီး နေသနည်း၊ စေခိုင်း နေသနည်း၊ လွှမ်းမိုးနေသနည်း။ ဒီမိုကရေစီ လမ်းကြောင်းကို ကဖျက်ယဖျက် ပြုနေကြသနည်း။

.

ဗိုလ်ချုပ်အောင်ဆန်း၏ ဂျပန်ကို တော်လှန်မည့် စစ်ထွက် မိန့်ခွန်းစကားအတိုင်းသာ ဆိုရမည်လား၊ “ အနီးဆုံး ရန်သူကို ရှာပြီး တိုက်ကြဟူသည်။ ဗိုလ်ချုပ် မိန့်ခွန်းပါ စာသားများကို ယခုခေတ်နှင့် ယှဉ်ကာ ပြောင်းလဲဆိုမည် ဆိုပါက အခု ဒီမိုကရေစီ စစ်မြေပြင်ကို ထွက်ရမယ်၊ အခက်အခဲတွေနဲ့ ရင်ဆိုင်နေဆဲ ဖြစ်တယ်၊ အာဏာရှင် အကြွင်းအကျန်များကို ချေမှုန်းကြဟု များ ဗိုလ်ချုပ်သာရှိလျှင် ဆိုလေမလားပဲ။

.

အခု ဒီမိုကရေစီ စစ်မြေပြင်ကို ထွက်ရမယ်၊ အခက်အခဲတွေနဲ့ ရင်ဆိုင်နေဆဲ ဖြစ်တယ်၊ အာဏာရှင် အကြွင်းအကျန်များကို ချေမှုန်းကြဟု များ ဗိုလ်ချုပ်သာရှိလျှင် ဆိုလေမလားပဲ။

.

ယင်းတွင် ဆင်းရဲမယ်၊ ငတ်မယ် ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ် ဆိုသည့် စကားရပ်များအတိုင်း နိုင်ငံရေးတွင် စွန့်လွှတ်စွန့်စားသူများကို ခေါင်းဆောင် တင်ချင်ပါသည်။ နိုင်ငံရေးလုပ်စား အော်ကျက် ၊ အော်ဖားများကိုတော့ ခေါင်းဆောင် မတင်လိုပါ၊ နိုင်ငံရေး ပန်းပုဆရာကောင်းများ လိုချင်ပါသည်။ နိုင်ငံရေး လုပ်စားသူများ မလိုချင်ပါ၊ နိုင်ငံရေး လိုက်စားသူများသာ အလို ရှိပါသည်။

.

တစ်ချိန်တစ်ခါက လက်နက်ကိုင် တော်လှန်ရေးသည် လူထုစည်းလုံးမှုဖြင့် အောင်မြင်သည် ဆိုနိုင်ခဲ့သော်လည်း လွတ်လပ်ရေးနှင့် အပြိုင်လို ပေါ်လာခဲ့သည့် ပြည်တွင်းစ စ်မီးသည်လည်း ၇၃ နှစ်မျှ မငြိမ်းနိုင်အောင် တောက်လောင်နေဆဲ ဖြစ်နေဆဲ၊ ပြည်သူများ ဒုက္ခရောက်ဆဲပင်။

.

အပူမီးများကို ဖက်ဒရယ် ဒီမိုကရေစီ (ဒီမိုကရေစီ ဖက်ဒရယ် မဟုတ်ပါ) နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်စွမ်း ရှိသူများက ငြိမ်းချမ်းအောင် ငြိမ်းသတ်နိုင်စေကြောင်း ဆန္ဒပြုရင်း မငြိမ်းချမ်းသေးသော ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်သည့် ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုလိုက်ရပါသည်။

Journal Download

Photo of three cats