တာချီလိတ်မြို့တွင် ငွေကျပ် ၆ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တာချီလိတ်မြို့တွင် ငွေကျပ် ၆ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

မင်းဇော်မင်း

.

တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက် (၄)လမ်းအတွင်းရှိ နေအိမ်တစ်လုံး၌ ဇန်နဝါရီ၃၀ ရက်၊ ညနေပိုင်းတွင် ပူးပေါင်းအဖွဲ့က ငွေကျပ် ၆ ဒသမ ၇၁၇၀၅၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ လုပ်သေနတ် ၁ လက်၊ ၎င်းကျည် ၂၉၅ တောင့်နှင့် မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သိရသည်။

.

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့၊ စရတ(တသခ)နှင့် မူးယစ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ အလူရာဟိုတယ်အနီးတွင် စောင့်ဆိုင်းနေစဉ် ကြိုတင် သတင်း ရရှိထားသူ ကျိုင်ဆမ်မွန်အား ဖမ်းဆီးရမိပြီးနောက် စစ်ဆေးရာ မူးယစ်ဆေးဝါး တစ်စုံတစ်ရာ မတွေ့ရသော်လည်း စိုင်းယီဝင်းမှ ကားဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်သွားကြောင်း ၎င်း၏ ထွက်ဆိုချက်အရ စိုင်းယီဝင်း၏ နေအိမ်သို့ သွားရောက် ရှာဖွေခဲ့ကြောင်း သိရသည်။

.

ယင်းသို့ စိုင်းယီဝင်းနေထိုင်သည့် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်(၄)လမ်း၊ အိမ်အမှတ်(၄/၁၅) အား ဝင်ရောက်ရှာဖွေရာ အိမ်တွင် စိုင်းယီဝင်းနှင့် နန်းနွဲ့ယဉ်တို့အား တွေ့ရှိရပြီး နေအိမ်အတွင်းမှ ငွေကျပ် ၆ ဒသမ ၇၁၇၀၅၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပစ္စည်းများ၊ ပွိုင့် ၂၂ လုပ်သေနတ် ပြောင်းရှည် ၁ လက်နှင့် ၎င်းကျည် ၂၉၅ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသူများ ဖြစ်သည့် စိုင်းယီဝင်း၊ နန်းနွဲ့ယဉ်နှင့် ကျိုင်ဆမ်မွန်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်၍ ကွင်းဆက်တရားခံများကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

Journal Download

Photo of three cats