စုလှိုင်
.
မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးနယ်မြေရဲစခန်းတွင်
လျှံထူးအောင်ကုမ္ပဏီမှ တင်ဒါအောင်မြင် ဆောက်လုပ်ခဲ့သည့် အဆောက်အဦများ သတ်မှတ်အရည်အသွေး
ပြည့်မီခြင်းမရှိသဖြင့် ကျွမ်းကျင်ပညာရှင်များဖြင့် ပြန်လည်စစ်ဆေးပေးရန် ဟုဆိုကာ တိုင်ကြားမှုနှင့်
ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.“စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်။ ဘာမှမသိရသေးပါဘူး။
အဲဒီကိစ္စတွေ စစ်တုန်းက ပစ္စည်းက စုံတာမဟုတ်ဘူး” ဟု ယင်းတိုင်ကြားစာအား တာဝန်ယူစစ်ဆေးနေသည့်
တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး သိန်းထွန်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
“ဒါတွေနဲ့ပတ်သက်ပြီး မခိုင်မာတဲ့အကြောင်းပေါ့၊ လုံးဝ
မခိုင်ဘူးဆိုတာ သူတို့ကိုယ်တိုင်လည်း ပြောလာတယ်။ အချိန်မီ အပ်ရတော့ မကောင်းတဲ့ တချို့အရာလေးတွေကိုတော့
ပြင်လိုက်တယ်။ ကျန်တဲ့ ၂ ဆောင်ကလည်း ဒီအတိုင်းပဲ ဆက် တက်သွားတယ်။ အဲဒီအနေအထားအတိုင်းပဲ
ဖြေရှင်းချက် ပေးခဲ့ပါတယ်” ဟု တိုင်ကြားစာ ပေးပို့ခဲ့သည့် ဦးဝင်းဗိုလ် က ပြောသည်။
.
တိုင်ကြားစာ ပေးပို့ခဲ့သူ ဦးဝင်းဗိုလ်သည်
အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၏ ရှမ်းပြည်နယ်အတွင်းရေးမှူး ဖြစ်ပြီး အဆိုပါ
အဆောက်အဦများ ဆောက်လုပ်စဉ်က ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ၏ လက်အောက်တွင် အလုပ်
သမားခေါင်းဆောင် အနေဖြင့် တာဝန်ယူခဲ့သူ ဖြစ်သည်ဟု သိရသည်။
.
ယင်းအဆောက်အဦများသည် အရည်အသွေးမပြည့်မီမှုကြောင့်
ပြည်သူ့ဘဏ္ဍာများ ထိခိုက်စေခြင်း၊ နေထိုင်သူများ အတွက် ငလျင်ကဲ့သို့သော ဘေးအန္တရာယ်များအပြင်
သက်တမ်းမပြည့်မီ မလိုလားအပ်သည့် ထိခိုက်မှုများ မဖြစ်ပေါ် စေရန်အတွက် ယင်းကဲ့သို့ တိုင်ကြားရခြင်းဖြစ်ပြီး
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာ မိတ္တူ ပေးပို့ထားကာ လိုအပ်ပါက
ထပ်မံ၍ တိုက်ရိုက်တင်ပြတိုင်ကြားသွားရန် ရှိနေကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့ သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တိုင်ကြားခံရသူ လျှံထူးအောင်ကုမ္ပဏီမှ
ယင်းအဆောက်အဦများအား ဆောက်လုပ်ခဲ့သည့် တာဝန်ခံ အင်ဂျင်နီယာ ဦးကျော်ထွန်းနိုင်
ထံသို့ ဆက်သွယ် မေးမြန်းရာတွင် “အရည်အသွေး စစ်ဆေးရေး ကော်မတီ က စစ်ဆိုလည်း စစ်ပေါ့။
ကျွန်တော်တို့ဘက်ကတော့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ထားတာပဲ ရှိပါတယ်။ ကျန်တဲ့ဟာ
ဘာမှမသိပါဘူး။ ရုံးချုပ်ပဲ လှမ်းဆက်သွယ် မေးလိုက်ပါ” ဟု ပြန်လည်ဖြေကြားခဲ့ပြီး
လျှံထူးအောင် ကုမ္ပဏီ ရုံးချုပ်ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင်မူ ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိချေ။
.
လျှံထူးအောင်ကုမ္ပဏီအနေဖြင့် နားကောင်းမူးနယ်မြေရဲစခန်းတွင်
အခြားအဆင့် ၂ ထပ်အိမ်ရာ အဆောက်အဦ တစ်လုံး၊ အရာရှိနေအိမ် ၂ ထပ်အဆောက်အဦ တစ်လုံး၊
အချုပ်နှင့်ရုံး တွဲလျက် အဆောက်အဦတစ်လုံးတို့ကို ၂၀၁၈ ခုနှစ်မှ
စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် အခန်းအပ်နှံကာ လက်ရှိတွင်
ယင်း အဆောက်အဦများ၌ လူနေထိုင် နေပြီဖြစ်ကြောင်း သိရသည်။
.