မင်းဇော်မင်း
.
မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊
နားကောင်းမူးကျေးရွာအတွင်း ဖြတ်သန်းစီးဆင်းနေသည့် မိုင်းဟန် ရေချောင်း အတွင်း ယနေ့
ဇန်နဝါရီလ ၂၀ ရက်၊ ညနေပိုင်းက ခန္ဓာကိုယ် ၂ ပိုင်းဖြတ်ကာ လက်ထိပ်ခတ်လျက် အသတ်ခံထားရသည့်
အမျိုးသားအလောင်းတစ်လောင်းနှင့် အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.နားကောင်းမူးကျေးရွာ၊ မိုင်းဟန်ချောင်းအတွင်း ဇန်နဝါရီလ
၂၀ ရက်၊ ညနေ ၄ နာရီခန့်က အမျိုးသမီးအလောင်း တွေ့ရှိကြောင်း သတင်းအရ နားကောင်းမူးနယ်မြေရဲစခန်းမှူးနှင့်
တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့် အတူ သွားရောက် စစ်ဆေးရာ မိုင်းဟန်ချောင်း၊ ဆည်ပိတ်ထားသည့်
နေရာတွင် အသက် ၃၀ အရွယ်ခန့်ရှိ အမျိုးသမီးအလောင်း တစ်လောင်းအား ထိုးသွင်းဒဏ်ရာများဖြင့်
ပုပ်ပွသေဆုံးကာ ရေပေါ်တွင် ပက်လက်အနေ အထားဖြင့် တွေ့ရှိခဲ့ရ ကြောင်း သိရသည်။
.
ထို့အပြင် အဆိုပါ အလောင်းတွေ့ရှိရာနေရာမှ ချောင်းအထက်ဘက်
ကိုက် ၁၀၀ ခန့်အကွာ နမ့်ဟန်ချောင်းအတွင်း တွေ့ရှိရသည့် အဝါရောင်အထုပ်အား စစ်ဆေးရာ အထုပ်အတွင်းမှ
အသက် ၃၀ ကျော်အရွယ်ခန့်ရှိ အမျိုးသား အလောင်း တစ်လောင်းအား ထိုးသွင်းဒဏ်ရာများဖြင့်
သေဆုံးနေသည်ကို ထပ်မံတွေ့ရှိရသဖြင့် ရုပ်အလောင်းများအား မိုင်းတုံဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း
သိရသည်။
.
“အလောင်းတွေကို စစ်ဆေးပြီး တွေ့ရှိချက်ကို မှုခင်းဆေးပညာအရ
ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု မိုင်းတုံဆေးရုံအုပ်ကြီး ဒေါက်တာသက်ခိုင်မင်းက
ပြောသည်။
.
မိုင်းတုံမြို့နယ်၊ မဲကင်ကျေးရွာရှိ ရေချောင်းအတွင်း၌လည်း
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ယခုကဲ့သို့ ကြိုးများဖြင့် တုပ်နှောင်ကာ သတ်ဖြတ်ခံထားရသည့်
အလောင်း ၂ လောင်း တွေ့ရှိခဲ့ဖူးပြီး ဂိုဏ်းဂဏဆန်ဆန် သတ်ဖြတ်မှုဟု ယူဆကြောင်း ရဲအရာရှိတစ်ဦးက
မှတ်ချက်ပြု ပြောဆိုခဲ့သည်။
.
အဆိုပါ အလောင်း ၂ လောင်း တွေ့ရှိမှုနှင့် ပတ်သက်၍
နားကောင်းမူးနယ်မြေရဲစခန်းတွင် (ပ) ၂/၂၀၂၁၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး
ကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.