မင်းဇော်မင်း
.
မိုင်းတုံမြို့နယ်၊ မိုင်းတုံ-မိုင်းဆတ်သွားလမ်းတွင်
ယနေ့ ဇန်နဝါရီလ ၂၇ ရက်၊ ညနေပိုင်းက ဘိန်းစိမ်းများအား ဆိုင်ကယ်ဖြင့်သယ်ဆောင်လာသူ ၂
ဦးကို ဖမ်းဆီးရာ တစ်ဦး ဖမ်းမိပြီး တစ်ဦးမှာ ထွက်ပြေးလွတ်မြောက် သွားခဲ့ကြောင်း သိရသည်။
.
.မူးယစ်တပ်ဖွဲ့စု (၂၉) မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၇ ရက်၊ ညနေပိုင်းက မိုင်းတုံမြို့နယ်၊ မိုင်းတုံ-မိုင်းဆတ်သွားကားလမ်း၊
ကျောက်တောင်ဘုရားအနီးတွင် သွားလာနေသည့် ယာဉ်များအား စစ်ဆေးရှာဖွေနေစဉ် မိုင်းဆတ်ဘက်မှ
မိုင်းတုံဘက်သို့ မိုင်းတုံမြို့နယ်၊ လွယ်ခမ်းလုံအုပ်စု၊ ပါခတ် ၁၁ မိုင်ရွာနေ ကျလား
မောင်းနှင်ပြီး ကျကျိုး လိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်မှာ ပြန်လှည့်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ
ဆိုင်ကယ်မောင်းနှင်သူ ကျလားကို ဖမ်းဆီးရမိခဲ့ပြီး ကျကျိုးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း
သိရသည်။
.
ထို့နောက် ၎င်းတို့ စီးနင်းလာသည့် ဆိုင်ကယ်အား ရှာဖွေရာ
ဆိုင်ကယ်ဂွကြားတွင် ပလတ်စတစ်ဖြင့် ပတ်ထားသည့် ဘိန်းစိမ်းဟု ယူဆရသော အမည်းရောင်အစေး
၅၀၀ ဂရမ်စီပါ ၂ ထုပ်ကို တွေ့ရှိသိမ်းဆည်းရမိသဖြင့် ကျလားကို စစ်ဆေးမေးမြန်းရာ လွန်ခဲ့သည့်
၃ လခန့်က ရင်းနှီးသူ အဲဒေါဆိုသူမှ ငွေကျပ် ၁၀၀၀၀ ဖြင့် ယင်းဘိန်းစိမ်းများအား နား ကောင်းမူးကျေးရွာသို့
ပို့ဆောင်ရန် စေခိုင်းခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။
.
“ထွက်ပြေးတဲ့ ကျကျိုးကို ဖမ်းမိဖို့ လုပ်ဆောင်နေပါတယ်။
ကွင်းဆက်တွေလည်း ဆက်လက်စုံစမ်းဖော်ထုတ်စစ်ဆေး နေပါတယ်” ဟု မိုင်းတုံမြို့မရဲစခန်းမှူး
ဒုရဲမှူး ကိုကိုဇော်က ပြောသည်။
.
အဆိုပါ ဘိန်းစိမ်းများနှင့်အတူ ဖမ်းဆီးရမိသူ ကျလားနှင့်
ထွက်ပြေးလွတ်မြောက်နေသူ ကျကျိုး တို့ကို မိုင်းတုံမြို့မ ရဲစခန်းတွင် မယ (ပ)၃/၂၀၂၁၊
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/ ၂၁ ဖြင့်
အမှုဖွင့်ကာ ထွက်ပြေးတိမ်းရှောင်နေသူ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.