မင်းဇော်မင်း
.
မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် ယမန်နေ့ ဇန်နဝါရီလ
၂၆ ရက်၊ ညပိုင်းက လမ်းလုပ်ငန်းသုံး မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး
ယာဉ်ပေါ်တွင် လိုက်ပါလာသူ ၁ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ နောင်ချိုကျေးရွာနေ
ယာဉ်မောင်း အာခါလေး (ခ) လော်ဟ မောင်းနှင်ပြီး လမ်းလုပ်သား ၇ ဦး လိုက်ပါစီးနင်းလာသည့်
လမ်းလုပ်ငန်းသုံး LIFAN အမျိုးအစား အပြာရောင်မော်တော်ယာဉ်သည်
ဇန်နဝါရီလ ၂၆ ရက်၊ ည ၁၁ နာရီခွဲအချိန်ခန့်က မိုင်းတုံမြို့နယ်၊ နားကောင်းမူးဘက်မှ မိုင်းတုံမြို့ဘက်သို့
မောင်းနှင်လာစဉ် မြေနီ တောင်ဆင်း အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်သို့ တိမ်းမှောက်ခဲ့ရာ
ယာဉ်ပေါ်ပါလာသူ ဟဲဟိုးမြို့၊ တောင်ပိုက်ကျေးရွာနေ ဖိုးသား (ခ) စည်သူ (၂၂ နှစ်) မှာ
အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး အခြား လမ်းလုပ်သား ၅ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ
တစ်ဦးတွင် ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
.
“ရင်ခွဲဆေးစစ်ချက် လုပ်နေတယ်။ ဒဏ်ရာရသူတွေကိုလည်း
ဆေးကုသပေးနေပါတယ်။ ယာဉ်မောင်းကိုတော့ ဆေးရုံ ဆင်းမှ အမှုနဲ့ ဖမ်းဆီးသွားမှာဖြစ်ပါတယ်”
ဟု မိုင်းတုံမြို့နယ်၊ နားကောင်းမူးနယ်မြေရဲစခန်းမှူး ရဲအုပ်အောင်ကျော်စွာ က ပြောသည်။
.
အဆိုပါ ယာဉ်မတော်တဆမှုနှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ
အာခါလေး (ခ) လော်ဟာအား နားကောင်းမူးနယ်မြေရဲစခန်းတွင် ယာဉ်(ပ)၁/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ
၂၇၉/၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.