မင်းဇော်မင်း
.
မူဆယ်မြို့ရှိ ပြည်သူ့စစ် တပ်ဖွဲ့ဝင် နေအိမ်နှင့်
ရုံးများအား ယနေ့ ဇန်နဝါရီလ ၆ ရက်၊ နံနက်ပိုင်းက အမည်မသိ လက်နက်ကိုင်များမှ လက်နက်ကြီးငယ်များဖြင့်
လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.မူဆယ်မြို့၊ ပန်လုံရပ်ရှိ မြို့မပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး၏
နေအိမ်အား နံနက် ၅ နာရီခန့်က အမည်မသိ လက်နက်ကိုင် များမှ ၄၀ မမ ဗုံးသီးနှင့် လက်နက်ငယ်များဖြင့်
၁၀ ချက်ဖြင့် လာရောက်ပစ်ခတ်သဖြင့် နေအိမ်မှန်တံခါး အနည်းငယ်ပျက်စီးခဲ့ပြီး လူအထိအခိုက်
မရှိကြောင်း သိရသည်။
.
အလားတူ နံနက် ၅ နာရီခွဲခန့်တွင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊
(၇) လမ်း၊ မူဆယ်-နမ့်ခမ်းသွား ပြည်ထောင်စုလမ်းမ ဘေး၊ သံလွင်စက်သုံးဆီအရောင်းဆိုင်နှင့်
မုံးပေါ်စက်သုံးဆီအရောင်းဆိုင် ကြားရှိ တာမိုးညဲ ပြည်သူ့စစ်နှင့် ပိန်းဆာ ပြည်သူ့စစ်အဖွဲ့များ
နေထိုင်သည့် ခြံဝင်းအား ပြောက်ကျားဝတ် ၃ ဦးမှ Surf ခဲရောင်ယာဉ်ဖြင့်
ရောက်ရှိလာပြီး ၄၀ မမ ဗုံးသီးနှင့် လက်နက်ငယ်ဖြင့် အချက် ၂၀ ခန့် လာရောက်ပစ်ခတ်သဖြင့်
ခြံဝင်းတံခါး ၂ ပေါက်နှင့် ဘေးအကာ သွပ်ပြား တစ်ချပ် ထိခိုက်ခဲ့ပြီး လူအထိအခိုက်မရှိကြောင်း
သိရသည်။
.
အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားရာနေရာသို့ စစ်ဘက်၊ အရပ်ဘက်
တာဝန်ရှိသူများ ရောက်ရှိကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
.