□ မင်းဇော်မင်း
.
မူဆယ်မြို့နယ်၊ ခိုဝိန်းကျေးရွာတွင် ဇန်နဝါရီလ ၁ ရက်က တရုတ်နိုင်ငံသား တစ်ဦး ခြေလက်များ ကြိုးတုပ်လျှက် မျက်နှာနှင့် ပါးစပ်ကို အဝတ်ဖြင့် စည်း၍ အသတ်ခံထားရကြောင်း သိရသည်။
.
ယင်း အသတ်ခံရသူမှာ တရုတ်နိုင်ငံသား အသက် ၂၅ နှစ်အရွယ် ကျောက် အရောင်းအဝယ် လုပ်ကိုင်သူ ဖြစ်ကာ ခိုဝိန်းကျေးရွာ၊ နမ့်ပေါ့ချောင်းဘေး၊ နမ့်ပေါ့စက္ကူစက်ရုံ အနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံထားရခြင်း ဖြစ်ကြောင်း အလောင်းကို သွားရောက် သယ်ဆောင်ခဲ့သည့် မူဆယ်အခြေစိုက် ဂရုဏာ လူမှုကူညီရေးအသင်း တာဝန်ခံ ဦးသောင်းထွန်းထံမှ သိရသည်။
.
“ အခု သူ့မိဘတွေ ကျွန်တော့် ဖုန်းကို ဆက်သွယ်လာတယ်၊ သူတို့က တရုတ်ပြည် အတွင်းပိုင်းကတဲ့၊ လာနေကြပါပြီ။” ဟု ဦးသောင်းထွန်းက ပြောသည်။
.
အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းတွင် နှာခေါင်းသာ ဖော်ထားပြီး မျက်နှာနှင့် ပါးစပ်ကို အဝတ်ဖြင့် ပတ်စည်းထားကာ ဝဲဘက်နားထင်မှ ယာဘက်နားထင်သို့ ပေါက်ထွက်နေသော သေနတ်ဒဏ်ရာ ရှိပြီး ခြေလက်များကို နိုင်လွန်ကြိုးဖြင့် တုပ်နှောင်၍ အလောင်းကို စွန့်ပစ်ထားသည့် အနေအထားမျိုး ဖြစ်ကြောင်းနှင့် အလောင်း အနီးတွင် ၉ မမ ကျည်ခွံ ၂ ခု တွေ့ရှိရကြောင်း ဦးသောင်းထွန်းထံမှ သိရသည်။