မင်းဇော်မင်း
.
လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ နမ့်ပန်ချောင်းတွင်
ရေစီးရေလာ ကောင်းမွန်စေရေးအတွက် သဲနုန်းများ တူးဖော်လျက် ရှိကြောင်း သိရသည်။
.
.
မိုင်းပန်မြို့နယ်၏ အရှေ့ဘက်မှ အနောက်ဘက်သို့
စီးဆင်းနေသော နမ့်ပန်ချောင်းအတွင်း သဲနုန်းပို့ချခြင်း၊ သစ်ပင် သစ်ကိုင်းနှင့် အမှိုက်သရိုက်များ
ပိတ်ဆို့ခြင်းတို့ကြောင့် ရေစီးရေလာကောင်း မွန်စေရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေကျပ် ၂၆၁ ဒသမ ၀၂၅ သန်းဖြင့်
အိန္ဒြေစံ ကုမ္ပဏီက နမ့်ပန်ချောင်း၏ ဟွေကျောင်း ချောင်းဆုံမှ ကန်မောက်လျှံကျေးရွာအထိ
ချောင်းအရှည် ၅ မိုင် ၃ ဖာလုံအား အောက်ခြေအကျယ် ပေ ၃၀၊ အနက် ၁၂ ပေ သဲနုန်းတူးဖော်ခြင်း
လုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
“ချောင်းက လဝဆည်ကနေ ကန်မောက်လျှံကျေးရွာအထိ ၂၀ မိုင်ရှည်ပြီး
ရေစီးရေလာ မကောင်းတဲ့အတွက် သဲနုန်း တူးဖော်ဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ခမ်းက
ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို တင်ပြခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ ၁၅ မိုင်၊ အခု
ဘဏ္ဍာနှစ်မှာ ၅ မိုင် ၃ ဖာလုံ ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ချောင်းဘေးက စိုက်ဧကတွေ ရေလွှမ်းမိုးတာ၊
ရေလျှံတာတွေကို ကာကွယ်နိုင်မယ့်အပြင် ရေစီးရေလာ ကောင်းမွန်လာတော့မှာ ဖြစ်ပါတယ်” ဟု
မိုင်းပန်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က
ပြောသည်။
.
အဆိုပါ သဲနုန်း တူးဖော်နေမှုကို ယမန်နေ့ ဇန်နဝါရီလ
၁၃ ရက်က ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်၊ ဦးစိုင်းအောင်ခမ်း၊
မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက်၊ ခရိုင်ဆည်မြောင်းနှင့်
ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအေးမင်း၊ မြို့နယ်ဦးစီးမှူး
ဦးစန်းမန်းတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူများမှ
လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
.