တာဝန်ပြီးဆုံး၍ ပြန်လည်ရောက်ရှိလာသည့် စေတနာရှင် ကျန်းမာရေးဝန်ထမ်းများအား မိုင်းပန် ဒေသခံနှင့် လူမှုရေး အသင်းများမှ ကြိုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာဝန်ပြီးဆုံး၍ ပြန်လည်ရောက်ရှိလာသည့် စေတနာရှင် ကျန်းမာရေးဝန်ထမ်းများအား မိုင်းပန် ဒေသခံနှင့် လူမှုရေး အသင်းများမှ ကြိုဆို

မင်းဇော်မင်း

.

ရန်ကုန်တိုင်းဒေသကြီး COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် တစ်လကျော်ကြာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး တာဝန်ပြီးဆုံး၍ ပြန်လည်ရောက်ရှိလာသည့် မိုင်းပန်ပြည်သူ့ဆေးရုံမှ စေတနာရှင် သူနာပြုဆရာမ ၂ ဦးတို့အား ယနေ့ ဇန်နဝါရီလ ၁၃ ရက်၊ နေ့လယ်ပိုင်းက မိုင်းပန်မြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ဒေသခံ ပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များက ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

.

.

“အခုလို မြို့နယ်ကိုယ်စား သွားရောက်ပြီး ပြန်လာတဲ့အတွက် အတိုင်းမသိ ပီတိဖြစ်ရတဲ့အပြင် လွှတ်တော် ကိုယ်စား လှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုရေးအသင်းတွေက အားတက်သရော ကြိုဆိုပြီး လက်ဆောင်တွေ ပေးကြတော့ သူတို့အတွက် ခွန်အားဖြစ်စေပြီး နောက်သွားမယ့်သူတွေအတွက် တွန်းအားဖြစ်စေပါတယ်” ဟု မိုင်းပန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ပြောသည်။

.

တာဝန်ပြီးဆုံး၍ ပြန်လည်ရောက်ရှိလာသည့် သူနာပြုဆရာမ နန်းဆွယ်ဆိုင်မိုနှင့် နန်းမိုခမ်းတို့အား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်၊ ဦးစိုင်းအောင်ခမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာတင်ခိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးမိသာစုများ၊ စေတနာ့ဝန်ထမ်း အဖွဲ့၊ မိုင်းပန်နမ့်ခုံးရှမ်းများပရဟိတအသင်း၊ ဒေသခံပြည်သူများမှ ဝမ်းသာအားရကြိုဆို ဂုဏ်ပြုခဲ့ပြီး မိုင်းပန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် တစ်ဦးလျှင် ဂုဏ်ပြုဆုငွေ ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ ဆရာမ ၂ ဦးသည် တောင်ကြီးမြို့ရှိ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် RDT ဖြင့် COVID-19 ရောဂါပိုးစစ်ဆေးရာ Negative အဖြေထွက်ရှိခဲ့ပြီး မိုင်းပန်မြို့ပြည်သူ့ဆေးရုံအတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန လမ်းညွှန်အတိုင်း Quarantine ဝင်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats