မိုင်းပန်တွင် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းပန်တွင် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့

မင်းဇော်မင်း

.

နိုင်ငံတော်မှ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား ၃ လတစ်ကြိမ် ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပေးလျက်ရှိရာ မိုင်းပန်မြို့နယ်တွင် ယင်းထောက်ပံ့ငွေများကို ဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

.

.

၂၀၂၀-၂၁ ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ) အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ထောက်ပံ့မှုကို မိုင်းပန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ ဘိုးဘွားများအား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

.

“ဌာနအနေနဲ့ လူမှုရေးပင်စင်ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကစပြီး စတင်ထောက်ပံ့နေတာမှာ နှစ်စဉ် အကျုံးဝင် လာတဲ့ ဘိုးဘွားတွေ၊ သေဆုံးသွားတဲ့ ဘိုးဘွားတွေစာရင်းကို မကျန်ရအောင် သေချာပြုစုပြီး အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ကန်တော့တဲ့အခါ ဘိုးဘွားတွေရဲ့ ဆုတောင်းသံတွေက ကြည်နူးဝမ်းသာပီတိ ဖြစ်ရပါတယ်” ဟု မိုင်းပန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ပြောသည်။

.

ထောက်ပံ့ကြေး ရရှိသူ မိုင်းပန်မြို့၊ အနောက်ရပ်ကွက်နေ အသက် ၁၁၂ နှစ်အရွယ် အဘိုး လုံးမောင်ဆန်ကလည်း “ကျွန်တော့်အနေနဲ့ လူမှုရေးပင်စင်ရဖို့ ၂၀၁၈ ခုနှစ်က စလျှောက်ခဲ့လို့ အခု တစ်လ ၃၀၀၀၀ ကျပ် ရတာ ၂ နှစ် ကျော် သွားပြီ။ ရရှိငွေက ကျန်းမာရေးသာမက ဘာသာရေး အလှူအတန်းတွေပါ သုံးရတော့ သက်ကြီးရွယ်အိုဘဝမှာ အတိုင်း မသိ ဝမ်းသာမိပါတယ်” ဟု ပြောဆိုခဲ့သည်။

.

၂၀၂၀-၂၁ ခု ဘဏ္ဍာရေးနှစ် ပထမ ၃ လပတ်တွင် မိုင်းပန်မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် အဘိုး၊ အဘွား ၇၉ ဦးအတွက်  တစ်ဦးလျှင် ကျပ်ငွေ ၃၀၀၀၀ နှုန်းအပြင် အသက် ၁၀၀ နှစ်အထက် ဘိုးဘွား ၂ ဦးအတွက် ထပ်ဆောင်းငွေ ကျပ် ၃၀၀၀၀ ဖြင့် စုစုပေါင်း ငွေကျပ် ၂၃၇၆၀၀၀ အား ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats