မိုင်းလား အထူးဒေသတွင် ပိတ်မိနေသည့် အလုပ်သမားများအား ၁၂ ဘီးကားဖြင့် တောင်ကြီးသို့ ပို့ဆောင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းလား အထူးဒေသတွင် ပိတ်မိနေသည့် အလုပ်သမားများအား ၁၂ ဘီးကားဖြင့် တောင်ကြီးသို့ ပို့ဆောင်

မင်းဇော်မင်း

.

မိုင်းလား အထူးဒေသ (၄) တွင် ပိတ်မိနေသည့် ရွှေ့ပြောင်းအလုပ်သမား ၁၅၁ ဦး နေရပ်ပြန်နိုင်ရေးအတွက် ယနေ့ ဇန်နဝါရီလ ၁၇ ရက်၊ နံနက်ပိုင်းက ၁၂ ဘီးကားများဖြင့် တောင်ကြီးမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ ပို့ဆောင်ပေးရာတွင် လူတစ်ဦးလျှင် ၃၅၀၀၀ ကျပ်နှုန်းဖြင့် အလုပ်သမား ၁၅၁ ဦးမှ ကျသင့်ငွေများ ပေးဆောင် ခဲ့ရကြောင်း ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သူ သပိတ်ကျဉ်းမြို့နယ်နေ ကိုဖြိုးကိုကိုက ပြောသည်။

.

“တောင်ကြီးအထိ ကားက ၃၅၀၀၀ ကျမယ်၊ တတ်နိုင်လားလို့ မေးလို့ တတ်နိုင်ပါတယ်လို့ ပြောလိုက်ကြတယ်။ ဒီမှာ အမိုး၊ အကာမရှိ၊ ခြုံစရာစောင် လုံလုံလောက်လောက် မရှိနဲ့ဆိုတော့ အမြန်ရောက်ဖို့ လိုပါတယ်။ ဒီမနက်တော့ ထမင်း ကြော် ကျွေးပါတယ်။ ကျိုင်းတုံမှာ မနက်စာကျွေးမယ်လို့ ပြောတယ်” ဟု ကိုဖြိုးကိုကိုက ပြောသည်။

.

အဆိုပါ ၁၂ ဘီး ကားများကို ကျိုင်းတုံမြို့ရှိ ပုဂ္ဂလိကယာဉ်လိုင်းများ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီနှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပြီး ကျိုင်းတုံခရိုင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ကျိုင်းတုံမှတစ်ဆင့် တောင်ကြီးမြို့အထိ ဆက်လက်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

.

“အထူးဒေသ (၄) အဖွဲ့က တရားဝင် လွှဲပြောင်းလာတာကို လက်ခံပြီး ဒီမနက်မှာ COVID-19 ရောဂါ လမ်းညွှန်ချက် များနဲ့အညီ လက်ခံဆောင်ရွက်ပေးပါတယ်။ ကိုယ်အပူချိန်တိုင်းတာ၊ လက်ဆေးရည်၊ နှာခေါင်းစည်းတွေ ပံ့ပိုးကူညီ တာတွေ လုပ်ပေးပါတယ်။ မနက်စာ ထမင်းကြော် ကျွေးပါတယ်။ RDT ကတော့ ဒီမှာ စစ်ဖို့ လုံလောက်တဲ့အရေ အတွက် မရှိပါဘူး။ သူတို့နေရပ် ရောက်မှသာ Quarantine ဝင်ရမှာပါ” ဟု မိုင်းယန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်က ပြောသည်။

.

အထူးဒေသ (၂) နှင့် အထူးဒေသ (၄) မှ နေရပ်ပြန်လိုသူများအနေဖြင့် သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးသို့ အကြောင်း ကြားပြီး တရားဝင် လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်ပြီးမှသာ လာစေလိုကြောင်းနှင့် သို့မဟုတ်ပါက ယခုကဲ့သို့ အခက် အခဲများ ကြုံတွေ့နိုင်မည်ဖြစ်ကြောင်း၊ ကြိုတင်လုပ်ဆောင်ရန်လိုကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

ယခု အထူးဒေသ (၂) “ဝ” ဒေသ စီးကရက်စက်ရုံမှ အလုပ်သမားများသည် နေရပ်ပြန်လိုကြောင်း စက်ရုံသို့ သတင်းပို့ ခဲ့သော်လည်း စက်ရုံတာဝန်ရှိသူများက မိုင်းလားအထူးဒေသ (၂) သို့ တရားဝင် အကြောင်းကြား လွှဲပြောင်းအပ်နှံပေးမှု မရှိဘဲ တရားမဝင်လမ်းကြောင်းမှ လာရောက်ပို့ဆောင်ခဲ့သည့်အတွက် ယခုကဲ့သို့ ဇန်နဝါရီလ ၁၄ ရက်မှ ၁၇ ရက် အထိ ဒုက္ခအခက်အခဲများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

.

ဓါတ်ပုံ - ကိုဖြိုးကိုကို

.

Journal Download

Photo of three cats