မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားတွင်
ပိတ်မိနေသည့် အလုပ်သမား ၁၅၁ ဦး နေရပ်ပြန်နိုင်ရေး အတွက် စီစဉ်နေပြီဖြစ်ကြောင်း မိုင်းယန်းမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဇော်လင်းထက် ထံက သိရသည်။
.
“ရှမ်းပြည်နယ်အစိုးရကိုယ်တိုင် သူတို့ကိုခေါ်ယူပြီး
နေရပ်ပြန်ဖို့အတွက် လုပ်ဆောင်နေပါတယ်။ မိုင်းယန်းက စေတနာ ရှင်တွေကလည်း လိုအပ်တဲ့ ရိက္ခာ၊
ရေတို့ကို ပံ့ပိုးနေကြပါတယ်။ လမ်းမှာ စားသောက်ရေးအတွက်လည်း ပြင်ဆင်ထား ကြပါတယ်။ ကားတွေ
ဒီညနေ ဒါမှမဟုတ် မနက်ဖြန်မနက်အစော ရောက်လာမှာပါ။ သူတို့နေရပ်မှာပဲ Quarantine
ဝင်ရမှာပါ။ အထူးဒေသ (၄) ကိုလည်း လှမ်းပြောထားပါပြီ” ဟု ဦးဇော်လင်းထက်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အထူးဒေသ (၂)၊ “ဝ”နယ်မြေရှိ ကျင်းဝါစီးကရက်စက်ရုံတွင်
အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၅၁ ဦးတို့သည် နေရပ်ပြန်လိုသည့်ဆန္ဒအရ
အထူးဒေသ (၄) နယ်မြေရှိ ထန်မွန်ကျေးရွာအနီးတွင် စက်ရုံမှ ကားများဖြင့် ဇန်နဝါရီလ ၁၄
ရက်က လာရောက်ချထားပေးခဲ့ရာမှ ယနေ့ ဇန်နဝါရီလ ၁၆ ရက်၊ နေ့လယ်ပိုင်းအထိ “ဝ” အထူးဒေသ နှင့်
မိုင်းလားအထူးဒေသ အကြား လမ်းဘေးတွင် ပိတ်မိနေပြီး ဒုက္ခရောက်နေရခြင်းဖြစ်ကြောင်း နေရပ်ပြန်အလုပ်
သမားတစ်ဦးဖြစ်သူ သပိတ်ကျဉ်းမြို့နယ်နေ ကိုဖြိုးကိုကိုထံက သိရသည်။
.
“ရှမ်းရှေ့ဆောင်းက အရမ်းအေးတယ်။ စောင်လောက်နဲ့ မရပေမဲ့
လမ်းဘေးက ခြုံတွေထဲမှာ ဖြစ်သလို တဲလုပ်ပြီး နေကြရတယ်။ မိုင်းယန်းဘက်က အစားအစာ၊ ရေတွေ
လာပေးတာနဲ့ စားနေကြရတယ်။ NDAA (မိုင်းလား) လုံခြုံရေး တွေလည်း
ပတ်ပတ်လည်မှာ ရှိနေကြတယ် တခြားနေရာကို မသွားဖို့ စောင့်နေကြတယ်။ ကျွန်တော်တို့ကို အမြန်
လာခေါ်ပေးဖို့သာ မျှော်လင့်နေကြတယ်။ ကိုယ်ဝန်ဆောင် ၅ ဦးလောက် ပါပါတယ်” ဟု ကိုဖြိုးကိုကိုက
ပြောသည်။
.
အဆိုပါ နေရပ်ပြန်အလုပ်သမားများမှာ မကွေးတိုင်းဒေသကြီး၊
နတ်မောက်မြို့နယ်၊ အင်းကန်ကျေးရွာမှ ၄၄ ဦး၊ ဆင်သေကန်ကျေးရွာမှ ၁၅ ဦး၊ မြို့သစ်မြို့နယ်၊
မကျည်းချိုကျေးရွာမှ ၈ ဦး၊ မင်းလှမြို့နယ်၊ လယ်လှကျေးရွာမှ ၂ ဦး၊ မန္တလေးတိုင်းဒေသကြီး၊
မိုးကုတ်မြို့နယ်၊ သိန်းပြစ်ကျေးရွာမှ ၄၄ ဦး၊ စဉ့်ကုးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာမှ
၁ ဦး၊ သပိတ်ကျဉ်းမြို့နယ်၊ ချောင်းကြီးကျေးရွာမှ ၄ ဦး၊ ချမ်းမြသာစည်မြို့နယ်မှ ၂
ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှ ၂ ဦး၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာကျေးရွာမှ
၁ ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ကျူရှောကျေးရွာမှ ၂၃ ဦး၊ တန့်ယန်းမြို့နယ်မှ
၅ ဦး၊ စုစုပေါင်း ၁၅၁ ဦးဖြစ်ပြီး အမျိုးသား ၉၀ ဦး၊ အမျိုးသမီး ၆၁ ဦး ပါဝင်ကာ ကိုယ်ဝန်ဆောင်
၅ ဦးခန့် ပါဝင်ကြောင်း သိရသည်။
.
ယင်း နေရပ်ပြန်အလုပ်သမားများအား “ဝ” အထူးဒေသမှ COVID-19
ရောဂါ ၂ ကြိမ်ဆေးစစ်ပြီးဖြစ်ကာ လက်မှတ်များ ပါရှိကြောင်းနှင့် ယမန်နေ့
ဇန်နဝါရီလ ၁၅ ရက်တွင် နေရပ်မပြန်လိုက “ဝ”ဒေသသို့ ပြန်လိုက်ရန် ကုမ္ပဏီမှ လာရောက်ခေါ်ဆောင်ခဲ့
သော်လည်း ၎င်းတို့အားလုံးမှာ နေရပ်သာ ပြန်လိုသဖြင့် ပြန်လည်လိုက်ပါသွားခြင်းမရှိဘဲ
ယခုနေရာတွင်သာ နေရပ် ပြန်နိုင်ရေးအတွက် စောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်း သိရသည်။
.
ဓါတ်ပုံ - ကိုဖြိုးကိုကို