စုလှိုင်
.
တာချီလိတ်မြို့မှ မကွေးမြို့သို့ ထွက်ခွာလာသည့် ဆေးထောက်ခံချက်
မပါရှိသော ရွှေပြောင်းလုပ်သား ၃၁ ဦးကို ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်၊ ညပိုင်းက တောင်ကြီးမြို့တွင်
စိစစ်လက်ခံပြီး မကွေးသို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
.
.“ညက ချက်ချင်းပဲ ကားချိန်းပြီး လွှတ်ပေးလိုက်တယ်။
ဒီမှာ မထားပါဘူး။ မကွေးကို ကားငှားလာတာပါ။ ဒီရောက် တော့ ရှမ်းမြေလတ်ကား ၃ စီးနဲ့ မကွေးကို
ဆက်ပို့လိုက်ပါတယ်။ ရပ်ကွက်/ကျေးရွာ ထောက်ခံချက်တော့ ပါတာပေါ့။ ဆေးထောက်ခံစာ မပါတာပါ”
ဟု ယင်းရွှေပြောင်းအလုပ်သမားများအား စိစစ်လက်ခံပြီး မကွေးသို့ ပို့ဆောင်ပေးရာတွင် ကူညီဆောင်ရွက်ခဲ့သူ
ရွှေတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ရွှေ့ပြောင်းအလုပ်သမား ၃၁ ဦးမှာ မကွေးတိုင်းဒေသကြီးမှ
ဖြစ်ကြပြီး မကွေးသို့ ဆက်လက်ထွက်ခွာနိုင်ရေး အတွက် ရကကအဖွဲ့များနှင့် ချိတ်ဆက်၍ လိုအပ်သည်များကို
စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်
ထံက သိရသည်။
.
“တာချီလိတ်ကနေ တောင်ကြီးကိုလာတယ်။ မကွေးကို သွားမယ်ဆိုပြီး
လာတဲ့ပုံစံမဟုတ်ဘူးလို့တော့ သိရတယ်။ ရှမ်းပြည်နယ်အတွင်းမှာတော့သွားလာ ခွင့်ပေးထားတယ်။
ဒီကာလထဲမှာ ရွှေ့ပြောင်းလုပ်သားတွေက ရှိနေတော့ သူတို့အတွက်ကိုလည်း ထည့်စဉ်းစားပေးရတယ်။
အရေးယူတာတော့ မရှိပါဘူး။ အဓိက ကတော့ တောင်ကြီးမှာ သောင်မတင်နေအောင်ပဲ ရည်ရွယ်ပြီး ဟိုဘက်
ကို ဆက်ပြီး ပို့ဆောင်လိုက်တဲ့ သဘောပါ” ဟု ဦးဖြိးမင်းထိုက်က ပြောသည်။
.
လက်ရှိကာလတွင် ရှမ်းပြည်နယ်အတွင်းသို့ ရွှေ့ပြောင်းလုပ်သား
ဝင်ထွက်မှုများ ရှိနေပြီး ယင်းအလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းမထိခိုက်စေရေးအတွက်
ရှမ်းပြည်နယ်အတွင်း သွားလာခွင့် ပြုထားကာ ယခု ရွှေ့ပြောင်း လုပ်သားများမှာလည်း ခိုးသယ်လာသည့်
ပုံစံမျိုး မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
COVID-19 ပထမလှိုင်းကာလမှ စတင်၍ နယ်စပ်ဒေသအသီးသီးမှ
ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများကို ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ တောင်ကြီးမြို့တွင် စိစစ်လက်ခံပြီး
သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ပေးလျက်ရှိကြောင်း သိရသည်။
.