ရွာငံရှိ မြို့ကြီးဆည်တွင် ရေနည်းပါးသဖြင့် စိုက်ပျိုးရေ ပေးဝေနိုင်မှု မရှိတော့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံရှိ မြို့ကြီးဆည်တွင် ရေနည်းပါးသဖြင့် စိုက်ပျိုးရေ ပေးဝေနိုင်မှု မရှိတော့

စုလှိုင်

.

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ မြို့ကြီးဆည်တွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မိုးရာသီကာလက မိုးရေချိန်နည်းပါးခဲ့သဖြင့် ရေဝင်ရောက်မှု နည်းပါးကာ စိုက်ပျိုးရေပေးဝေနိုင်မှု မရှိတော့ကြောင်း သိရသည်။

.

.

“မြို့ကြီးဆည်က ရေတော်တော်နည်းသွားတယ်။ မိုးစပါးတုန်းကတော့ ရေတွေ လွှတ်ချပေးလိုက်တယ်။ အဲဒီမှာ ဆည်ထဲ ရေနည်းသွားတာပေါ့” ဟု ရွာငံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ မြို့ကြီးဆည်မှ ရေများကို မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ကူမဲမြို့နယ်၊ မိတ္ထီလာမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်များသို့ စိုက်ပျိုးရေ ဖြန့်ဝေပေးနေခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းသို့ စိုက်ပျိုးရေ ဖြန့်ဝေမှု မရှိကြောင်း သိရသည်။

.

“နွေအတွက်တော့ မထည့်နိုင်တော့ဘူး။ မိုးတွင်းတုန်းက မိုးရေချိန်ကောင်းမယ်ထင်ပြီး မိုးစပါးအတွက် ရေဖြန့်ပေး လိုက်တာမှာ မိုးရေချိန်က မပြည့်တော့ ရေအရမ်းနည်းသွားပြီ” ဟု ဦးအေးမင်းစိုးက ဆက်လက်ပြောဆိုခဲ့သည်။

.

ထို့အပြင် မြို့ကြီးရေလှောင်တမံတွင် ရေဝင်ရောက်မှုပမာဏ နည်းပါးခြင်းကြောင့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို နိုဝင်ဘာလကုန်မှစ၍ ရပ်ဆိုင်းထားရကြောင်း သိရသည်။

.

ရွာငံမြို့နယ်သည် ရှမ်းပြည်တောင်ပိုင်း မြေလတ်ဒေသတွင် မြောက်ဘက်အကျဆုံး တည်ရှိသော မြို့နယ်တစ်ခုဖြစ်ပြီး အရှေ့ဘက်တွင် ရပ်စောက်မြို့နယ်၊ တောင်ဘက်တွင် သာစည်မြို့နယ်၊ အနောက်ဘက်တွင် မြစ်သားမြို့နယ်၊ မြောက်ဘက်တွင် ကျောက်ဆည်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

.

ဓါတ်ပုံ - ဦးလှမြိုင်

.

Journal Download

Photo of three cats