လားရှိုးတွင် ပြည်သူ့စစ်အယောင်ဆောင်၍ လက်နက်ကိုင်ဆောင်ခြိမ်းခြောက်သူတစ်ဦးကို ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးတွင် ပြည်သူ့စစ်အယောင်ဆောင်၍ လက်နက်ကိုင်ဆောင်ခြိမ်းခြောက်သူတစ်ဦးကို ဖမ်းမိ

မင်းဇော်မင်း

.

လားရှိုးမြို့တွင် ဇန်နဝါရီလ ၆ ရက်က ပြည်သူ့စစ်အယောင်ဆောင်၍ လက်နက်ကိုင်ဆောင် ခြိမ်းခြောက်သူတစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း လားရှိုးမြို့မရဲစခန်း၏ ထုတ်ပြန်ချက်အရ သိရသည်။

.

ဓါတ်ပုံ - လားရှိုးမြို့မရဲစခန်း

.

“သူက ပထမတော့ ပြည်သူ့စစ်လို့ပြောလို့ လိုက်စစ်တော့ မဟုတ်မှန်း သိရတာပါ။ စခန်းက သတင်းထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ” ဟု လားရှိုးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

လားရှိုးမြို့၊ ရပ်ကွက် (၇)၊ နယ်မြေ (၁၇) နေ ဦးပီရှန်းသည် ဇန်နဝါရီလ ၆ ရက်က ၎င်းကို သေနတ်ဖြင့် ခြိမ်းခြောက်ခံ နေရကြောင်း လားရှိုးမြို့မရဲစခန်းသို့ အကြောင်းကြားလာသဖြင့် ခေတ္တစခန်းမှူးနှင့်အဖွဲ့မှ သွားရောက်မေးမြန်းရာ ဦးပီရှန်း၏ သားမက်ဖြစ်သူ လီဖူရှိုး (ခ) စန်းတီမှ ၎င်း၏ဇနီးအား ထုတ်ပေးရန်နှင့် ထုတ်မပေးပါက သတ်ပစ်မည်ဟု သေနတ်ထုတ်ကာ ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ထို့နောက် ပူးပေါင်းအဖွဲ့မှ လီဖူရှိုး (ခ) စန်းတီ၏ နေအိမ်သို့ သွားရောက်စစ်ဆေးရာ ၎င်းအား နေအိမ်တွင် မောင်းပြန် ရိုင်ဖယ် တစ်လက်၊ ၅ လုံးပြူးသေနတ် တစ်လက်တို့နှင့်အတူ တွေ့ရပြီး ၎င်းစီးနင်းသည့် TOYOTA SEQUOAI အဖြူရောင် မော်တော်ယာဉ် ပေါ်တွင်  Type-81 မောင်းပြန်ရိုင်ဖယ် သေနတ် တစ်လက်နှင့် ၎င်းကျည် ၁၁၈ တောင့်၊ ၎င်းကျည်အိမ် ၄ ခု၊ Luger (38 mm Special) ၅ လုံးပြူး သေနတ် တစ်လက်နှင့် ၎င်းကျည် ၃၂ တောင့်၊ လက်ထိပ် ၂ စုံ၊ TDK အမှတ်တံဆိပ် စကားပြောစက် ၃ လုံး။ RUIZHONGLONG အမှတ်တံဆိပ် စကားပြောစက် တစ်လုံး၊ EPOLO စာတမ်းပါ စကားပြောစက် တစ်လုံး၊ မုံးဟ ပြည်သူစစ်ဘက်တံဆိပ်ပါ ယူနီဖောင်း ၃ စုံ၊ ဘက်တံဆိပ်မပါ ယူနီဖောင်း ၅ စုံ၊ မုံးဟပြည်သူစစ် ဘက်တံဆိပ် ၂ စုံ၊ စစ်စိမ်းရောင် ကျောပိုးအိတ် တစ်လုံး၊ စစ်စိမ်းရောင် ဖိုက်ဘာ ဦးထုပ် တစ်လုံး၊ ပစ္စတို​သေနတ်ထည့်သည့် သေနတ်အိတ် ၂ ခု၊ ကျည်ခါးပတ် ၂ ခု၊ စစ်စိမ်းရောင် Equipment တစ်စုံ၊ ပြောက်ကျား ဘေးလွယ်အိတ် တစ်လုံး၊ စစ်စိမ်းရောင်ခါးပတ် တစ်ချောင်း၊ ပလပ်စတစ် လက်ပစ်ဗုံး (fuse ပါ) တစ်လုံး။ ဝါယာလက် မီးလုံး တစ်လုံး၊ ငွေစက္ကူရောရာ ၄ သိန်းကျပ်တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း လားရှိုးမြို့မရဲစခန်းမှ သတင်းထုတ်ပြန်ထားသည်။

.

ဆက်လက်၍ အထက်ပါလက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား မုံးဟပြည်သူ့စစ်မှ တပ်ဖွဲ့ဝင်များ အတွက် ထုတ်ပေးထားခြင်းဟုတ်/မဟုတ်နှင့် လီဖူးရှိုး (ခ) စန်းတီမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဟုတ်/မဟုတ် အတည်ပြု နိုင်ရန် မုံးဟပြည်သူ့စစ်မှ လားရှိုးရုံးတာဝန်ခံ ဦးစိုင်းအေးအား တွေ့ဆုံအတည်ပြုခဲ့ရာ လီဖူရှိုး(ခ)စန်းတီမှာ ၎င်းတို့၏ တပ်ဖွဲ့ဝင် မဟုတ်ကြောင်းနှင့် တွေ့ရှိရသည့် လက်နက်ခဲယမ်းများနှင့် စပ်ဆက်ပစ္စည်း များမှာလည်း ​တပ်ဖွဲ့ပိုင် ပစ္စည်းများ မဟုတ်ကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

.

အဆိုပါ လက်နက်ခဲယမ်းများနှင့် စပ်ဆက်ပစ္စည်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများအား တရားဝင် ခွင့်ပြုချက်မရှိဘဲ ကိုင်ဆောင်အသုံးပြု လက်ဝယ် ထားရှိသူ လီဖူရှိုး (ခ) စန်းတီအား ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း လားရှိုးမြို့မရဲစခန်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

.



Journal Download

Photo of three cats