“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်း (ပန်ခမ်း)မြို့ကို Lockdown ချမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်း (ပန်ခမ်း)မြို့ကို Lockdown ချမည်

မင်းဇော်မင်း

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်း (ပန်ခမ်း)မြို့ကို ဇန်နဝါရီလ ၆ ရက်မှ စတင်ကာ Lcokdown ချမည်ဖြစ်ကြောင်း ယင်းဒေသ၏ ဇန်နဝါရီလ ၄ ရက် ထုတ်ပြန်စာအရ သိရသည်။

.

.

ဒေသတွင်း ဇန်နဝါရီလ ၄ ရက်အထိ COVID-19 ပိုးတွေ့လူနာ ၈၄ ဦး ရှိလာသဖြင့် ယင်းကဲ့သို့ Lockdown ပြုလုပ်ရခြင်း ဖြစ်ကြောင်း လားရှိုးမြို့အခြေစိုက် “ဝ” ဆက်ဆံရေးရုံးမှ ဦးညီရမ်းထံက သိရသည်။

.

“မနက်ဖြန် (ဇန်နဝါရီလ ၆ ရက်) ကစပြီး ပန်ဆန်း ဘော်ဒါလိုင်းတစ်လျှောက် Lockdown ချပါမယ်။ ည ၁၂ နာရီက စ ပါမယ်။ ဒီရက်ပိုင်းတွေမှာ တို့ဖတ်နမူနာ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင် ပါတယ်။ တရုတ်ပြည်ဘက်က ကြက်ခြေနီနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းလုပ်နေတာ ရှိပါတယ်” ဟု ဦးညီရမ်း က ပြောသည်။

.

ပန်ခမ်းမြို့၊ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် အချက် ၇ ချက် ပါဝင်ပြီး Lockdown ချသည့်အချိန်ကစ၍ တာဝန်ရှိသူမှအပ မည်သူမျှ အပြင်ထွက်သွားလာခွင့်မရှိ၊ တာဝန်ရှိသူများအားလုံးကို ဇန်နဝါရီ ၃//၅ ရက်များတွင် ဓါတ်ခွဲစစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကာ ယခုတစ်ကြိမ် စစ်ဆေးမှုကိုသာ အသိအမှတ်ပြုမည် ဖြစ်ကြောင်း၊ ပန်ခမ်းမြို့အတွင်း ရှိနေသူများ၊ ပြင်ပမှ ဝင်ရောက်လာသူများအားလုံးကို အခမဲ့ စစ်ဆေးပေးမည် ဖြစ်ကြောင်း နှင့် လမ်းညွှန်ချက်အတိုင်း လိုက်နာမှုမရှိဘဲ ချိုးဖောက်ပါက ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း၊ အရေးပေါ် ကိစ္စများအား ပန်ခမ်းမြို့နယ်ရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်အကူအညီတောင်းခံနိုင်ပြီး Lockdown ပြန်ဖြည်မည့်ရက် ကို ပြန်လည်အသိပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

.

WSTV သတင်းဌာန၏ ဇန်နဝါရီလ ၄ ရက် သတင်း ထုတ်ပြန်ချက်တွင် ယင်းနေ့ နေ့လယ် ၁၁နာရီ အထိ “ဝ” ဒေသတစ်ခုလုံး၌ ဓာတ်ခွဲနမူနာ စစ်ဆေးသူ ၇၉၃၀၈ ဦးရှိခဲ့ပြီး ယင်းအနက် ပန်ခမ်းမြို့တွင် ၃၅ ဦး၊ မိုင်းပေါက်ခရိုင်၊ မိုင်းပေါက်မြို့တွင် ၃၄ ဦး၊ ဟိုတောင်းမြို့တွင် ၇ ဦး၊ မိုင်းဖျန်မြို့တွင် ၈ ဦး စုစုပေါင်း ၈၄ ဦး၌ COVID-19 ရောဂါပိုး တွေ့ရှိကြောင်းနှင့် သေဆုံးသူ မရှိကြောင်း၊ ယင်းအတည်ပြုလူနာများအား တရုတ်နိုင်ငံ၊ မုန်းလင်မြို့၊ ကြက်ခြေနီ အသင်းမှ ဆေးဝါးကျွမ်းကျင်ပညာရှင်များနှင့် ဒေသကျန်းမာရေးဌာန၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဆေးကုသမှုပေးနေပြီး လူနာအားလုံး ရောဂါပြင်းထန်သူမရှိကြောင်း၊ ယင်းလူနာများ၏ သွားလာ လှုပ်ရှားမှုများကို စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း ဖော်ပြထားသည်။

.


Journal Download

Photo of three cats