မ္ဘောဇတိုင်း
.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)
ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် လားဟူတိုင်းရင်းသားများ၏ တန်းတူအခွင့်အရေး
ရရှိရေး၊ အုပ်ချုပ်ရေးအပိုင်းတွင် ကိုယ်စားပြု ပါဝင်ခွင့် ရရှိရေးအတွက် ဆွေးနွေးခဲ့သည်ဟု
လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) ဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့်က
ပြောဆိုခဲ့သည်။
.
.လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP)
ဥက္ကဋ္ဌနှင့် အဖွဲ့သည် ယနေ့ ဇန်နဝါရီလ ၁၅ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊
ကံရှေ့ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရှမ်းပြည်နယ်ရုံးတွင်
ဒေါက်တာ အောင်မိုးညို ဦးဆောင်သော NLD ကိုယ်စားလှယ်အဖွဲ့နှင့်
တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲအပြီးတွင် ဒေါ်အေးသီတာမြင့်က ယင်းကဲ့သို့
ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
“ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့်မှာ ကျွန်မတို့လူမျိုးစု
ကိုယ်စားပြုပါဝင်ခွင့်ရနိုင်ဖို့အတွက်ရယ်၊ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေရယ်၊ အုပ်ချုပ်ရေးဌာနဆိုင်ရာတွေနဲ့
ဆက်ဆံတဲ့အခါမှာ ကျွန်မတို့ တိုင်းရင်းသားတွေရဲ့ မှတ်ပုံတင်တို့ အိမ် ထောင်စုတို့ အလွယ်တကူ
လုပ်လို့ရနိုင်ဖို့ ဒါတွေကို ဆွေးနွေးခဲ့ပါတယ်။ ကျွန်မတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
လည်း မရှိဘူး။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာကိုပဲ လားဟူတိုင်းရင်းသားလူမျိုး ၂ သိန်းကျော်
ရှိတယ်။ လားဟူတိုင်းရင်း သားဝန်ကြီး တစ်ဦးထဲနဲ့ လွှမ်းခြုံမှု မပေးနိုင်ဘူး။ လားဟူတိုင်းရင်းသားဝန်ကြီးကို
ပြည်ထောင်စုအဆင့်မှာ ထားပေးနိုင် ဖို့ရယ်၊ ကျွန်မတို့ တိုင်းရင်းသားတွေ တန်းတူအခွင့်အရေးရဖို့
အုပ်ချုပ်ရေးပိုင်းမှာ ကိုယ်စားပြု ပါဝင်ခွင့်ရနိုင်ဖို့ ဆွေးနွေးခဲ့ပါတယ်” ဟု ဥက္ကဋ္ဌ
ဒေါ်အေးသီတာမြင့်က ပြောသည်။
.
ဒေါက်တာ အောင်မိုးညို ဦးစီးသော NLD တွေ့ဆုံဆွေးနွေးရေးအဖွဲ့သည် တောင်ကြီးမြို့ရှိ NLD ပါတီ
ရှမ်းပြည်နယ် ရုံးတွင် ဒေသခံ တိုင်းရင်းသားပါတီများနှင့် တစ်ပါတီချင်း သီးခြားစီ
တွေ့ဆုံဆွေးနွေးနေခြင်းဖြစ်ပြီး လက်ရှိတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
(SNLD) ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း
သိရသည်။
.
NLD ၏ တွေ့ဆုံဆွေးနွေးရေးအဖွဲ့တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံ ခါးနော်ဆန်တို့ ပါဝင်ကြောင်း သိရသည်။
.
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ပြီးခဲ့သည့်
၂၀၂၀ ရွေးကောက်ပွဲက ရှမ်းပြည်နယ်အတွင်း လားဟူ တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်
တစ်နေရာနှင့် မက်မန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) အတွက် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်
တစ်နေရာ၊ စုစုပေါင်း ၂ နေရာ အနိုင်ရရှိထားသည်။
.