တောင်ချွန်းမြေ (ခေါ်) လွိုင်လင်မြို့တွင် ချယ်ရီပန်းများ လှိုင်လှိုင်ပွင့်ပြီ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ချွန်းမြေ (ခေါ်) လွိုင်လင်မြို့တွင် ချယ်ရီပန်းများ လှိုင်လှိုင်ပွင့်ပြီ

စိုင်းဇော်လတ်(လင်းခေး)

.


နှင်းမှုံ လွှမ်းခြုံသိုင်းသည့် ဒီဇင်ဘာနှောင်းပိုင်းနှင့် နှစ်သစ်ကူးချိန်ခါ သမယဖြစ်သည့် ဇန်နဝါရီ လဆန်းပိုင်း၌ ကမ္ဘောဇတိုင်း ရှမ်းပြည်နယ်တစ်ခွင် ဒေသအများစုတွင် ချယ်ရီပန်းများ ဝေဝေဆာဆာ ဖူးပွင့်လေ့ရှိပေသည်။

.

ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး၊ ကလော၊ လွိုင်လင်မြို့တို့သည် ထင်းရှူး၊ ချယ်ရီပင်များ အစီအရီ ပေါက်ရောက်သော ဒေသ ဖြစ်သည် နည်းတူ ယခုကဲ့သို့ ချယ်ရီပန်းများ ပွင့်ချိန် မြို့ပတ်ဝန်းကျင် အနီးအဝေး တောတောင်တန်းများကို ရှုမျှော်ကြည့်လိုက်မည် ဆိုပါက ချယ်ရီပန်းများ လှပစွာဖြင့် ပွင့်လျက်ရှိသည့် မြင်ကွင်းများက ရှမ်းပြည်နယ်၏ သဘာဝ ရှုခင်းများကို ပိုမို ထင်ဟပ် ပေါ်လွင်စေသည်ဟု ဆိုရပေလိမ့်မည်။

.

တောင်ကြီး၊ ကလော၊ လွိုင်လင်မြို့များအပြင် မိုင်းပွန်၊ ဟိုပုံး၊ အောင်ပန်း၊ ပင်လောင်း၊ ပင်းတယ ဒေသများ အပါအဝင် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃ဝဝဝ ကျော်ရှိ တောင်ပေါ်မြေ ဒေသ အသီးသီးတို့၌လည်း ထင်းရှူး၊ ချယ်ရီ၊ စတော်ဘယ်ရီပင်များ ပေါက်ထွန်းကြောင်း လေ့လာ သိရှိနိုင်ပါသည်။

.

ချယ်ရီပွင့်ချိန် ရောက်ခဲ့လျင် အထူးသဖြင့် အဆိုပါ မြို့ ၃ မြို့၏ ပတ်ဝန်းကျင် တစ်ခွင် မြို့တွင်း၊ မြို့ပြင် နေရာများတွင် ချယ်ရီပန်းများ ပိုမို ဖူးပွင့်လေ့ ရှိသည်ကို မြင်တွေ့နိုင်ပါသည်။ နှစ်စဉ် အစီအရီ ဝေဝေဆာဆာ မဖူးပွင့်နိုင်ကြသော်လည်း တစ်နှစ်ခြား၊ ၂ နှစ်ခြား ကာလအလျောက်ဖြင့် ဖူးပွင့်လျက် ရှိကြသည်ကိုလည်း လေ့လာ သိရှိရပါသည်။

.


မည်သို့ပင် ဆိုစေကာမူ စာရေးသူ ရောက်ရှိခဲ့ချိန် ယခုနှစ် နှစ်သစ်ကူး ဇန်နဝါရီလ ၁ ရက်နေ့တွင် တောင်ကြီး-လွိုင်လင်-နမ့်စန်-ကျိုင်းတုံ-တာချီလိတ်သွား မော်တော်ကားလမ်း (ပြည်ထောင်စု လမ်းမကြီး)၏ လမ်းနံဘေးဝဲ/ယာ တစ်ဘက်တစ်ချက် လွိုင်လင်မြို့အဝင် ဆိုင်းဘုတ်နေရာမှ စအထွေထွေရောဂါကု ဆေးရုံကြီးဝင်း မျက်နှာစာ၊ လွိုင်လင်မြို့ အခြေခံပညာအထက်တန်းကျောင်း သွားလမ်း သစ်တောဦးစီးဌာနရုံးနှင့် ဝန်ထမ်းအိမ်ရာများ ရှိရာ လမ်းကြားတို့၌ ချယ်ရီပင်များသည် ၂ဝ၂၁ နှစ်သစ်ကို ကြိုဆို၍ လှပစွာ လှိုင်လှိုင်ပွင့်နေလျက် ရှိနေသည်ကို တွေ့မြင်ခဲ့ရပေသည်။

.

 လွိုင်လင်မြို့သည် ရှမ်းပြည်နယ်၏ ဒုတိယမြို့တော်ဟု လွန်ခဲ့သော ရှေးနှစ်ကာလများက အမည်တွင်ခဲ့ပြီး၊ သက်တမ်းကြာ ခရိုင်မြို့၊ အစိုးရ ဌာနဆိုင်ရာရုံးများ များစွာ တည်ရှိရာ ဝန်ထမ်းမြို့ တစ်မြို့ဟုလည်း လွိုင်လင်မြို့သို့ ရောက်ဖူးသူတိုင်းက သမုတ် ခေါ်ဆိုခဲ့ကြကြောင်း လေ့လာ သိရှိခဲ့ရပြီး၊ မြို့၏ ဒေသန္တရ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၄၄၄၇ ပေ ရှိသည်။

.


လွိုင်လင်မြို့ အဝင် တစ်ဘက်တစ်ချက်စီ၌ Golf Club ကွင်းနှင့် ထင်းရှူးတောများ၊ အပန်းဖြေ အနားယူချင်စရာ သာယာလှပသော မြကန်သာပန်းခြံနှင့် ရေကန် သဘာဝရှုခင်းများ ဖြစ်တည်ရာ နေရာတို့တွင် ထင်းရှူး၊ ချယ်ရီပင်များ ပေါက်ရောက်လျက် ရှိသဖြင့် ယခုကဲ့သို့ အေးချမ်းသည့် ဆောင်းရာသီ ကာလအတွင်း လွိုင်လင်မြို့သူ မြို့သားများ သာမက ရပ်နီးရပ်ဝေး ဧည့်သည်များက လွိုင်လင်တောင်ပေါ်သို့ တက်ရောက်၍ (တောင်တက်ခရီးစဉ်) ကျန်းမာရေး လှုပ်ရှားမှု အဖြစ် ပြုလုပ်လေ့ရှိသည်ကိုလည်း သိရှိရပါသည်။

.

တောင်ချွန်းပုံသဏ္ဍာန် ဖြစ်တည်လျက်ရှိသည့် လွိုင်လင်မြို့ ပတ်ဝန်းကျင် တောင်စဉ်တောင်တန်း တစ်ခုကို အစွဲပြု၍ ရှမ်းဘာသာစကားအားဖြင့် လွယ်လျမ်န်” “ရှမ်းတောင်ချွန်းမြို့ သို့မဟုတ်လွိုင်လင်” (LoiLem)မြို့ဟု အမည်တွင် လာခဲ့ကြောင်း ဒေသခံအချို့၏ ပါးစပ်ရာဇဝင်အရ သိခဲ့ရပါသည်။

.

ရှမ်းတောင်ချွန်းမြို့ (အခေါ်) လွိုင်မြို့နယ်အတွင်း လေ့လာချင်စရာ မြို့ အထင်ကရနေရာ များစွာ ကျန်ရှိနေပေဦးမည် ဖြစ်ပေသည်။ လွိုင်လင်မြို့သို့ ဒီဇင်ဘာ ရုံးပိတ်ရက် ကာလ အလည် ရောက်ရှိစဉ် လေ့လာ ရမိခဲ့သမျှကို နှစ်သစ်ချိန်ခါ သမယ ချယ်ရီပန်းများ လှိုင်လှိုင်ပွင့်နေသော လွိုင်လင်မြို့ အလှအကြောင်း ရေးသား တင်ဆက် လိုက်ရပါသည်။

.


 

Journal Download

Photo of three cats