လင်းခေးဒေသအတွင်းက ကွန်းလွိုင်တို့စံပျော်ရာ လွိုင်လုံပန်တဝိကျေးရွာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လင်းခေးဒေသအတွင်းက ကွန်းလွိုင်တို့စံပျော်ရာ လွိုင်လုံပန်တဝိကျေးရွာ

အယ်လ်စိုင်း (ရှမ်းအညာမြေ)

.

လင်းခေးမြို့၏ အရှေ့ဘက်၊ နမ့်တိန်းချောင်းတစ်ဘက်ကမ်းရှိ ပေ ၆၀၀၀ ကျော် မြင့်မားသော လွိုင်စလေ (လွိုင်လုံ) တောင်တန်းကြီးသည် အရှေ့တောင်ဘက် ကျကျ လွိုင်လုံ ပန်တဝိတောင်ကြောမှ ပန်တဝိကျေးရွာအထိ တစ်လျှောက်လုံး အနိမ့်အမြင့်တို့ဖြင့် ကဗျာဆန်ဆန် တည်ရှိနေသည်။

.

.

ယင်း လွိုင်စလေ တောင်ကြောပေါ်တွင် ရှေးနှစ်ပေါင်းများစွာကတည်းက ကွန်းလွိုင် ခေါ် တောင်ပေါ်ပအိုဝ်းလူမျိုး တို့၏ သီးသန့်ရွာငယ်များ ၁၅ ရွာခန့် အေးအတူပူအမျှ အတူတကွ စုစည်းနေထိုင်ခဲ့ကြပြီး ယခုအခါ အကြောင်းအမျိုးမျိုး ကြောင့် ပန်တဝိကျေးရွာအုပ်စုတွင် ကွန်းလွိုင်လူမျိုး ကျေးရွာ ၉ ရွာသာ ကျန်ရှိကြောင်း သိရသည်။

.

လွိုင်လုံ ပန်တဝိတောင်ပေါ်ဒေသသည် လင်းခေးမြို့နှင့် မိုင် ၄၀ ကျော် ကွာဝေးပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၇၈၀ ကျော် ရှိသည့် တောင်ပေါ်ကုန်းမြင့်လွင်ပြင်တစ်ခုဖြစ်ကာ ယင်းဒေသအတွင်း မှီတင်းနေထိုင်ကြသော တောင်ပေါ်တိုင်းရင်းသားလူမျိုးများကို ရှမ်းဘာသာအားဖြင့် ကွန်းလွိုင်ဟု ခေါ်ဆိုကြကြောင်း သိရသည်။

.

ကွန်းလွိုင်တို့သည် ရှေးယခင်ကာလမှစ၍ တောင်တန်း ကုန်းမြင့်လွင်ပြင် နေရာများ၌ နေအိမ်တည်ဆောက် နေထိုင်လေ့ရှိ ကြသည်။ ဒေသန္တရအရ ကွန်းလွိုင်ဟု ခေါ်ဆိုရခြင်းမှာ မည်သည့်တောင်ပေါ် နေရာများ၌ နေထိုင်ကြသည့် လူမျိုးများဖြစ်စေ ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသူများ၏ အခေါ်အဝေါ်တစ်ခုဖြစ်သည်။

.

ကွန်းလွိုင်တို့ နေထိုင်ရာ လွိုင်လုံပန်တဝိတောင်ပေါ်ဒေသသည် တောင်ကျစမ်းချောင်းရေတံခွန်များ ပေါ်များပြီး တစ်နှစ်ပတ်လုံး အေးမြသည့် ရာသီဥတုကို ရရှိသည်။

.

ကွန်းလွိုင်တို့သည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြပြီး ပအိုဝ်း တိုင်းရင်းသားလူမျိုးများဖြစ်ကြောင်း သိရပါသည်။ ၎င်းတို့သည် တောင်ယာဆန်စပါး၊ ဟင်းသီးဟင်းရွက် အသီးအနှံတို့ကို အဓိက စိုက်ပျိုးလုပ်ကိုင်ကြသည်။

.

ရရှိလာသည့် စိုက်ပျိုးသီးနှံများအား လင်းခေး၊ ဝမ်ဟတ်၊ မိုင်းပန်၊ မောက်မယ် စသည့်ဒေသအသီးသီးသို့ သွားရောက် ရောင်းချပြီး လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ပြန်လည်ဝယ်ယူသွားလေ့ရှိကြသည်။

.

ကုန်းလွိုင်တို့၏ ထူးခြားသည့် အမှတ်အသားတစ်ခုမှာ ၎င်းတို့သည် ဈေးရောင်း ဈေးဝယ်သွားရာတွင်ဖြစ်စေ၊ အခြားနေရာများသို့ သွားရောက်ရာတွင်ဖြစ်စေ အုပ်စုလိုက် ခြေလျင်ခရီး သွားလာတတ်ကြသည့် ဓလေ့စရိုက်အား ယနေ့တိုင် မြင်တွေ့နေရဆဲဖြစ်သည်။

.

ယခုအခါတွင်မူ လင်းခေး-ပန်တဝိ မော်တော်ကားလမ်း (ကျောက်ချောလမ်း) ဖောက်လုပ်ထားပြီးဖြစ်သည့်အတွက် မော်တော်ဆိုင်ကယ်၊ ထွေလာဂျီ၊ မော်တော်ယာဉ်များဖြင့် သွားလာမှုများကိုလည်း မြင်တွေ့ရပါသည်။

.

တောင်ပေါ်ဒေသတွင် နေထိုင်မှုအား အစွဲပြု၍ ၎င်းတို့ကို ကွန်းလွိုင် (ကွန်း = လူ၊ လွိုင် = တောင်) တောင်ပေါ်တွင် နေထိုင်ကြသောလူများ ဟု ရှမ်းဘာသာဖြင့် ခေါ်ဆိုကြသော်လည်း ပအိုဝ်းတိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည်။

.

လွိုင်လုံ ပန်တဝိကျေးရွာနေ ကွန်းလွိုင်များသည် ရှမ်းဘာသာ၊ ပအိုဝ်းဘာသာစကား ၂ မျိုးလုံးကို ကျွမ်းကျင်စွာ ပြောဆို နိုင်ပြီး ပအိုဝ်းစာပေကို အသုံးပြုကြကြောင်း သိရသည်။

.

ယခင်ကာလများက ၎င်းတို့ကို ကွန်းလွိုင်ဟု ခေါ်ဆိုခြင်းကို နှစ်သက်ခဲ့ကြသော်လည်း ယခုအခါ ပီနောင့် ပအိုဝ်း ယူတီလွိုင် “တောင်ပေါ်နေ ပအိုဝ်းတိုင်းရင်းသားညီအစ်ကိုမောင်နှမများ” ဟု ခေါ်ဝေါ်သုံးစွဲခြင်းကိုသာ မြတ်နိုး နှစ်သက်လာကြကြောင်း ပန်တဝိဒေသခံ ပအိုဝ်းတိုင်းရင်းသားများက ပြောဆိုကြသည်။

.

“ကျွန်မတို့က တောင်ပေါ်နေ ပအိုဝ်းတိုင်းရင်းသားလူမျိုး စစ်စစ်တွေပါ။ ပအိုဝ်းစကားပဲ အများဆုံး ပြောဆိုကြပါတယ်။ ရှမ်းစကားလည်း တခြားသူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ပြောဆိုပါတယ်” ဟု ပန်တဝိကျေးရွာသူတစ်ဦးက ပြောသည်။

.

ဆယ်စုနှစ် အတန်ကြာကာလများက ကွန်းလွိုင် အမျိုးသားများသည် ရိုးရာအနက်ရောင်ဝတ်စုံ အင်္ကျီလက်ရှည်၊ အနက်ရောင်ရှမ်းဘောင်းဘီပုံစံတို့ကို ဝတ်ဆင်ခဲ့ကြပြီး အမျိုးသမီးများသည် ကွန်းလွိုင် ရိုးရာဂျတ်ခုတ် နီ၊ပြာ၊ပန်း ရောင်စပ်အင်္ကျီ ရင်ဖုန်းလက်ရှည် ၊ရိုးရာထမီအနီစင်းနှင့် အနက်ပြောင် အဝတ်စားများကိုသာ ဝတ်ဆင်ခဲ့ကြ သော်လည်းတိုးတက် ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ ပအိုဝ်းတိုင်းရင်းသားရိုးရာ ဝတ်စုံများကို အဓိကထား ဆင်ယင်ထုံးဖွဲ့ ဝတ်ဆင်လာခဲ့ကြသည်ကို တွေ့မြင်နိုင်ပါသည်။

.

ကွန်းလွိုင်ခေါ် ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့သည် ရှမ်းတို့အညာခေါ် လင်းခေးမြို့နယ်၊ လွိုင်လုံပန်တဝိဒေသ၌ ယနေ့တိုင် အေးအတူပူအမျှအတူတကွ စုစည်း နေထိုင်ကြလျက် ရှိပါကြောင်း ကွန်းလွိုင်တို့စံပျော်ရာ လွိုင်လုံ ပန်တဝိကျေးရွာအကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

.

Journal Download

Photo of three cats