ရှမ်းတို့အညာ နမ့်တိန်းချောင်းကမ်းသာ အပန်းဖြေစရာသို့ တစ်ခါက်တစ်ခါ လှမ်းလာခဲ့ပါ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတို့အညာ နမ့်တိန်းချောင်းကမ်းသာ အပန်းဖြေစရာသို့ တစ်ခါက်တစ်ခါ လှမ်းလာခဲ့ပါ

အယ်လ်စိုင်း (ရှမ်းအညာမြေ)

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၉၉၆ ပေ သာရှိသဖြင့် ပြင်းခြောက်သွေ့သည့် ရာသီဥတုကို အများအားဖြင့် ရရှိသည်။ တောင်ပေါ်ချိုင့်ဝှမ်း (ဒယ်အိုးပုံသဏ္ဍာန်) တောင်များပတ်လည်ဝိုင်းထားကာ တည်ရှိသည်။

.

.

တောင်ကြီး-လင်းခေး-မိုင်းတုံမိုင်းဆတ်သွား ပြည်ထောင်စုလမ်းမကြီးပေါ်၌ တည်ရှိပြီး ကျိုင်းတုံ၊ တာချီလိတ် အထိ လည်း ခရီးပေါက်နိုင်သည်။

.

ရှမ်းတိုင်းရင်းသားလူမျိုးများ အများဆုံးနေထိုင်ရာ ခရိုင်မြို့တစ်မြို့လည်းဖြစ်ပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ပအိုဝ်း တိုင်းရင်းသားလူမျိုးစုများ အေးအတူပူအမျှ အတူတကွ စုပေါင်းမှီတင်းနေထိုင်လျက်လည်း ရှိကြသည်။

.

ဒေသခံတိုင်းရင်းသားများအားလုံး စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ တောင်ပေါ်နေ (ကွမ်းလွိုင်) ခေါ် တိုင်းရင်းသားများက လွိုင်လုံ၊ ပန်တဝိ၊ ပန်ပိကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ စုစည်းနေထိုင်လျက်ရှိကြသည်။

.

ရှမ်းအညာခေါ် လင်းခေးဒေသမှာ နွေအခါ ချွေးပြိုက်ပြိုက်ကျ၊ ဆောင်းအခါ စောင်ခြုံမနွေးရ အပူရှိန်မြင့်၊ အအေးလွန် ကာလများကို ပိုင်ဆိုင်ထားပေသည်ဟု ဆိုရမည်ဖြစ်သည်။

.

နွေအခါအားကိုးစရာ နမ့်တိန်းချောင်းကလေးက လင်းခေးနယ်သားတို့၏ အသက်သွေးကြောတစ်ခုသဖွယ် တည်ရှိ နေသည်။

.

မြို့၏ အရှေ့ဘက် လွိုင်စလေ(ခ)လွိုင်လုံတောင်တန်းကြီးက ကဗျာဆန်ဆန် ပေ ၆ဝဝဝကျော် အမြင့်ဖြင့် လှပစွာ တည်ရှိနေသောကြောင့် လင်းခေးသို့ ရောက်ဖူးသူတိုင်း နမ့်တိန်းချောင်းနှင့် လွိုင်လုံတောင်တန်းကြီးကို အဝေး တစ်နေရာမှ လွမ်းမောနေတတ်ကြသည်ဟု ဆိုကြသည်။

.

“လင်းခေးတစ်ခေါက် နမ့်တိန်းရေသောက်မိ မောင်ကြီးမပြန်နိုင်၊ ရှမ်းအညာမြေသို့ နောက်ထပ်တစ်ခေါက် ပြန်အရောက် လာရတတ်သည်”ဟု အဆိုရှိကြသည်။

.

ယခုအခါ လင်းခေးမြို့အတွင်းရှိ နမ့်တိန်းချောင်းကမ်းသာဘေးမှ ဒေသရိုးရာအစားအစာများ ရောင်းချသည့် စားသောက်ဆိုင်များသို့ အပန်းဖြေ လာရောက်ဝယ်ယူ စားသုံးသူများ များပြားလာကြောင်း သိရသည်။

.

အဆိုပါ ချောင်းကမ်းသာနေရာ ပတ်ဝန်းကျင်အနီးအနား၌ ရောင်းချလျက်ရှိသော ဒေသ ရိုးရာရှမ်းအစားအစာ၊ ခေါက်ဆိန်တိုင်း ခေါ် ရှမ်းမုန့်ဟင်းခါး၊ ရှမ်းခေါက်ဆွဲ၊ ရှမ်းဘာသာအားဖြင့် ခေါက်ဆိန်မိုက်ညှို့ ခေါ် ကျိုင်းတုံမုန့်တီနှင့် ရှမ်းအိုးကပ်အကြော်စုံ (ခံပေါင်းတိုင်း) တို့ကို လာရောက်ဝယ်ယူစားသုံးကြသူများမှာ ဆောင်းကာလယခုအချိန်မှစ၍ နွေကာလအထိ မပြတ်စည်ကားနေသည်ဟု ရှမ်းရိုးရာအစားအစာ ရောင်းချသူများထံက သိရသည်။

.

ထို့အပြင် လပ်မူ ခေါ် ဝက်သားသုံးထပ်သားသံပြားကင်၊ ကြက်ကာလသားချဉ်စပ်၊ ခိုက်စုန်းခိုင် ခေါ် ဆေးကြက်ဥပေါင်း၊ တမ်ဆွမ် ခေါ် ယိုးဒယားသင်္ဘောသီးထောင်းများနှင့် ကြက်သား၊ ငါး၊ ပုဇွန်ချဉ်စပ် ရိုးရာအစားအစာများကို နေ့စဉ် နံနက် ပိုင်းမှ ညနေဆည်းဆာအချိန်အထိ ရောင်းချလျက်ရှိကြောင်း သိရသည်။

.

ဖြစ်လပ်၊ ခါးဟွမ်၊ ဟိုခါ ခေါ် ဟင်းလျာအမွှေးအကြိုင် ဆေးဘက်ဝင်အသီးအရွက် အမြစ်များပါဝင်ချက်ပြုတ်ထားသော ရှမ်းရိုးရာ စားသောက်ဖွယ်ရာများက လာရောက်ဝယ်ယူစားသုံးသူတို့ကို စားပြီးရင်းစားချင် နောက်ထပ်တစ်ခေါက် ထပ်လာစေချင်စွာ အရသာရှိလှကြောင်း လာရောက်စားသုံးသည့် ဧည့်သည်များထံက သိရသည်။

.

ရှမ်းအိုးကပ်ခံပေါင်း၊ ကျိုင်းတုံ နမ့်မိုက်ညပ် ခေါက်ဆိန်၊ ခေါက်ဆိန်တိုင်း (ခ) ရှမ်းမုန့်ဟင်းခါးနဲ့ ယိုးဒယား အထောင်းစုံတွေက ကျွန်မတို့ တစ်ခါ ဝယ်စားကြည့်ကြတာ အရသာရှိ၊ စားကောင်းလို့ စားပြီးရင်းထပ်လာဝယ်စားချင် ဖြစ်နေပါသေးတယ်” ဟု နမ့်တိန်းချောင်းကမ်းသာ အပန်းဖြေနေရာကို လာရောက်လည်ပတ်သူ ဧည့်သည်တစ်ဦး ကလည်း ဆိုပါသည်။

.

သို့ဖြစ်၍ လင်းခေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ရပ်နီးရပ်ဝေးနေ ခရီးသွားဧည့်သည် ပြည်သူများ အနေဖြင့် အခွင့်သာ၍ အချိန်ရခဲ့မည်ဆိုပါက ရှမ်းတို့အညာဒေသရှိ နမ့်တိန်းချောင်းကမ်းသာ အပန်းဖြေစရာ နေရာလေးသို့ ဟေမာန်ဆောင်း ခါသမယနှင့် ရှမ်းအညာနွေကာလများအတွင်း တစ်ခါတစ်ခေါက်ဖြင့်လာရောက်လည်ပတ် အပန်းဖြေ အနားယူရင်း ရှမ်းအညာ ဒေသရိုးရာအစား အစာများ လာရောက် အားပေးသုံးဆောင်ကြည့်ကြနိုင်ပါစေကြောင်း တစ်စေ့တစ်စောင်း ရေးသားဖော်ပြလိုက်ရပါသည်။

.

Journal Download

Photo of three cats