မြဝင်း (ကျောက်တလုံးကြီး)
.
တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ဇန်နဝါရီလ
ပထမပတ်မှ စတင်၍ ဆောင်းသီးနှံဖြစ်သော သခွားမွှေးများ ကို တစ်ပိုင်တစ်နိုင် စတင်စိုက်ပျိုးလျက်ရှိကြောင်း
သိရသည်။
.
.သခွားမွှေး စိုက်ပျိုးရာတွင် မြေကို ထွန်ရေးညက်အောင်
ပြုလုပ်ဘောင်ဖော်ပြီး နွားချေးထည့်၍ တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့် တစ်တန်း ၂ ပေခွဲစီခွာ
စိုက်ပျိုးရပြီး ရေအစိုဓါတ် ပိုမိုထိန်းသိမ်းနိုင်ရန်အတွက် ပလတ်စတစ်အကြည် ဖြင့် အုပ်ပေးရကြောင်း
သိရသည်။
.
ထို့နောက် စိုက်ပျိုးပြီး ၇ ရက်ခန့်အကြာတွင် အပင်များစတင်ပေါက်လာပြီး
အပင်ပေါက်သည့်နေရာတွင် ပလတ်စတစ် အား အဝိုင်းပေါက်ဖောက်ပေးရကြောင်းနှင့် ရေသွင်းပြီး
တစ်လ အကြာတွင် သခွားမွှေးအပွင့်များ စတင်ပွင့်ကာ ၂ လတွင် အသီးစတင်သီးပြီး ၃ လတွင် ဆွတ်ခူးနိုင်ပြီဖြစ်ကြောင်း
သိရသည်။
.
သခွားမွှေးတွင် အလုံးပုံ၊ ဘဲဥပုံနှင့် လုံးရှည်ပုံစံ
အမျိုးအစား ၃ မျိုးရှိပြီး အခွံအရောင် အစိမ်းနု၊ အစိမ်းရင့်၊ အဖြူ၊ အဝါနှင့် ဆင်စွယ်ရောင်ရှိကာ
အခွံပြောင်ချောနှင့် ပိုက်ကွန်အကွက်ဟူ၍ ၂ မျိုးရှိကြောင်း သိရသည်။
.
ကျောက်တလုံးကြီးမြို့တွင် အလုံးပုံ၊
အခွံအဝါရောင်နှင့် အခွံပုံစံပြောင်ချော သခွားမွှေး အမျိုးအစားကို စိုက်ပျိုးကြောင်း
သခွားမွေးစိုက်တောင်သူ ဦးခွန်နေထွန်းထံက သိရသည်။
.